တောင်ငူမြို့မှ ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးများပေါ်ပြီ

Powered by Drupal

     တောင်ငူမြို့၊ ပတ်ဝန်းကျင်ကျေးရွာနေပြည်သူများသည် မိမိတို့အိမ်ခြံဝင်းများတွင် စားပင်သီးပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများ ရရှိကြပါသည်။ ကျောက်ဖရုံသီးမှာ မိုးတွင်းကာလတွင် စိုက်ပျိုးဖြစ်ထွန်းသည့် သစ်သီးဝလံဖြစ်ပါသည်။ ရွှေဖရုံသီးမှာ ရာသီမရွေး စိုက်ပျိုးနိုင်သည့်အသီး ဖြစ်ပါသည်။

   ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးနှစ်မျိုးစလုံးသည် အခွံမာကျောသော်လည်း အသားမှာ နူးအိသဖြင့် အများကြိုက်နှစ်သက်သည့် ဟင်းချက်စရာအသီးများ ဖြစ်ပါသည်။ ကျောက်ဖရုံသီးအသားသည် အဖြူရောင် ဖြစ်ပြီး ရွှေဖရုံသီးအသားမှာ အဝါရောင်ဖြစ်ပါသည်။ အသား၊ ပုဇွန်များနှင့် ရောနှောချက်ပြုတ်စားသောက်နိုင်သည့်အပြင် သားသတ်လွတ်ဟင်းလျာအဖြစ်လည်း ချက်ပြုတ်စားသောက်နိုင်ပါသည်။ ကျောက်ဖရုံသီးကို ဖရုံယိုပြုလုပ်၍လည်း စားသုံးနိုင်ပါသည်။

     ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးများကို အလုံးအသေး/အကြီးပေါ်မူတည်၍ တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရောင်းချပါသည်။ ကျေးလက်ဒေသတွင် လူမှုရေးကိစ္စအဝဝတို့တွင် ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးများကို အသားတစ်မျိုးမျိုးနှင့်ရော၍ ဆီပြန်ဟင်းချက်စား၍သော်လည်းကောင်း၊ အရည်သောက်ဟင်းချက်စား၍သော်လည်းကောင်း အသုံးပြုကြသဖြင့် ရောင်းအားကောင်းကြောင်း တောင်ငူမြို့၊ ညောင်ပင်လေးဈေးအတွင်းရှိ ဟင်းသီးဟင်းရွက်ဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)