ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့်အဖွဲ့သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့်အညီ ထည့်သွင်းဖော်ပြလာစေရန် ရည်ရွယ်၍  (၂၄.၃.၂၀၂၂)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ကုန်မျိုးစုံရောင်းဝယ်သည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ ဈေးဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ  စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့်ပြစ်ဒဏ်များ၊ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ပြဌါန်းချက်များအား ပြည့်စုံစွာဖော်ပြရမည့်အပြင်  ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြခြင်းပါရှိသော ကုန်စည်များကိုသာ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း၊ မိမိကုန်စည်နှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းမှုကိုလည်း အာမခံမှုပေးရမည်ဖြစ်ကြောင်း၊ ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှ တိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့် စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့်အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)