မီးဘေးလုံခြုံရေး၊ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် စစ်‌ဆေးခြင်းများဆောင်ရွက်ခဲ့

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများသည် ၂၈.၃.၂၀၂၂ ရက်နေ့၊ နံနက်(၁၀:၃၀) နာရီတွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေးလုံခြုံရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများကို အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဟောပြောပွဲတက်ရောက် သူစုစုပေါင်း (၁၇)ဦးရှိကြောင်း သိရှိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသော်ခန့်ဝေမှ မီးလောင်မှုရှိခဲ့ပါက မီးသတ်ကားများ ထွက်ခွာရပုံအဆင့်များအကြောင်း၊ မီးလောင်မှု ကိုဖြစ်ပေါ်စေနိုင်သည့် အဓိကအချက်(၃) ချက်ရှိပါကြောင်း၊ ၎င်းတို့မှာ အခန်းတွင်းလေဝင်လေထွက် ကောင်းမွန်မှုမရှိခြင်း၊ ပစ္စည်းများ သိုလှောင်ထားရှိမှုများပြားခြင်းနှင့် အခန်းတွင်းအပူရှိန်အလွန်မြင့် တက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ရုတ်တရက်မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ပါက မီးစတင်လောင်မှုအပေါ် မူတည်ပြီး မကြောက်မလန့်စွာဖြင့် မီးငြိမ်းသတ်နိုင်မည့် နည်းလမ်းများအကြောင်းတို့ကို အကျယ်တဝင့်ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ရုံးအတွင်းရှိ လျှပ်စစ်မီးကြိုးများ၊ မီးငြိမ်းသတ်ရန်ရေကန်၊ မီးသတ်ဆေးဘူးအသုံးပြုပုံတို့ကို ကြည့်ရှုစစ်ဆေးပေးခဲ့ရာ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်မှ ယခုကဲ့သို့ လာရောက်အသိပညာပေးခြင်းနှင့် စစ်ဆေးပေးခြင်းများအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားပေးခဲ့ပြီး ဟောပြောပွဲအား နေ့လည် (၁၁:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)