မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ဆင့်ပွားသင်တန်း (၁/၂၀၂၂) ကျင်းပခြင်း

Powered by Drupal

               မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၀၂၂ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာဆင့်ပွား သင်တန်း(၁/၂၀၂၂)ကိုကျင်းပခဲ့ပါသည်။

            အဆိုပါဆင့်ပွားသင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူး၊ ဦးမြင့်ဝင်းက စားသုံးသူအသိပညာပေးခြင်း၊ လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို တြိဂံပုံစံဖြင့်ချိတ်ဆက် ဆောင်ရွက်သွားရန်လိုကြောင်း၊ အသိပညာပေးမှုအပိုင်းကို လျော့ချ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့ပြုလုပ်သည့်သင်တန်းသည် ရုံးချုပ်တွင် သင်တန်းတက်ရောက်ခဲ့သူများမှ ရုံးချုပ်ညွှန်ကြားချက်များကို ပြန်လည်ဆင့်ပွားပို့ချပေးမှာဖြစ်ပြီး၊ မြို့နယ်တာဝန်ခံများအနေဖြင့်လည်း လုပ်ငန်းလုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ မှားယွင်းမှုများ မဖြစ်ရလေအောင် ပြန်လည်ထိန်းမတ်ပေးမည့် သင်တန်းလည်းဖြစ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ် တာဝန်ခံများမှလည်း လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကိုတင်ပြပြီး လိုအပ်ချက် များကို ညှိနှိုင်းဆွေးနွေးပေးမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များဖြင့် အမိန့်ချမှတ်၍မရဘဲ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိလျှင် တရားဥပဒေအရ ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ရမည်ဖြစ်၍ သေချာစွာလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆွေးနွေး ခဲ့ပါသည်။

            ဆက်လက်၍ ဒု-တိုင်းဒေသကြီးဦးစီးမှူး၊ ဒေါ်အေးအေးမိုးမှ မြို့နယ်တာဝန်ခံများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးတွေ့ရှိချက်အပေါ် သတ်မှတ်ပုံစံများတွင် ဖြည့်စွက်ရာ၌ ဆောင်ရွက်ရမည့် အစီအမံများကို အသေးစိတ်ရှင်းလင်းခဲ့ပြီး ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူခိုင်မှလည်း စားသုံးသူကာကွယ်ရေး နည်းဥပဒေနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ပါသည်။ နေ့လည်ပိုင်း၌ ရုံးချုပ်တွင် စစ်ဆေးရေးအရာရှိသင်တန်း တက်ရောက်ခဲ့သည့် ဦးစီးမှူးဒေါ်အေးအေးခိုင်မှ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်အလက်များအားလည်းကောင်း၊ ဒု-ကြီးကြပ်ရေးမှူး ဦးနိုင်ဦးမှ ပြန်လည်သိမ်းဆည်းစေခြင်း (သို့မဟုတ်) တားမြစ်ခြင်း ဆောင်ရွက်ပုံအဆင့်ဆင့်အားလည်းကောင်း၊ ဒု-ဦးစီးမှူးဒေါ်ဌေးဌေးမှ တိုင်ကြားမှုများကိုစိစစ်ခြင်းနှင့် စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်းများကို  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

         ထို့နောက်သင်တန်းသားများမှ စားသုံးသူကာကွယ်ရေးနည်းဥပဒေနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးပြီး မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ကြုံရသည့် အခြေအနေများကိုလည်း တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ခံများ၊ စစ်ဆေးရေးအရာရှိများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ပြီး ညနေ(၁၆:၃၀)နာရီအချိန်တွင် သင်တန်းပြီးဆုံးကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)