ဧရာဝတီတိုင်းဒေသကြီး ပြောင်းလုပ်ငန်းအသင်းဖွဲ့စည်း

Powered by Drupal

               ဧရာဝတီတိုင်းဒေသကြီး၊ ပြောင်းလုပ်ငန်းအသင်း၏ ၂၀၂၂-၂၀၂၅ အလုပ်အမှုဆောင်သစ် ရွေးချယ်ခြင်းနှင့် ပြောင်းအခြောက်ခံစက်နည်းပညာဆိုင်ရာဆွေးနွေးပွဲကို မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှကြီးမှူး၍ ၂၀၂၂ခုနှစ် ဧပြီလ ၁ ရက်နေ့ နံက် (၁၀:၀၀) တွင် ဟင်္သာတ မြို့၊ Family Hotel တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

              အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် ဧရာဝတီတိုင်းဒေသကြီး ပြောင်းစိုက်ပျိုးထုတ်လုပ်မှု၏ ၆၀ရာနှုန်းသည် ဟင်္သာတခရိုင်မှ စိုက်ပျိုးထုတ်လုပ်သည့်အတွက် တိုင်းဒေသကြီးပြောင်းလုပ်ငန်းအသင်း အလုပ်အမှုဆောင် ရွေးချယ်ဖွဲ့စည်းခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ၊ ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ၊ ဒေသတွင်းထုတ်လုပ်သော စိုက်ပျိုးရေးထွက်ကုန်များကို ကုန်ကြမ်းအဖြစ်သာမက တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍၊ ဒေသတွင်းသုံးစွဲခြင်းနှင့် ပိုလျှံသည်များကို တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျော့ချနိုင်ပြီး၊ ဒေသလည်း ပိုမိုတိုးတက်လာမှာဖြစ်ကြောင်း၊ ပြောင်းစိုက်ပျိုးရာဒေသများမှတောင်သူ၊ ပွဲစား၊ ကုန်သည်များပါဝင်တဲ့ ယခုလို ဧရာဝတီတိုင်းဒေသကြီး ပြောင်းလုပ်ငန်းအသင်းကို ဖွဲ့စည်းနိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူကြောင်းနှင့် ဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းမှလည်း အမှာစကားပြောကြားခဲ့ပြီး အသင်းရေရှည်ရပ်တည်နိုင်ရေးအတွက် အသင်းအဖွဲ့ စည်းကမ်းများနှင့် အညီဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပဲ၊ နှမ်းအသင်း ဥက္ကဌ ဦးမြင့်သိန်းဦးမှလည်း ဒေသ၏ ပြောင်းစိုက်ပျိုးမှု၊ ထွက်ရှိမှုအခြေအနေများနှင့် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဖြင့် အခက်အခဲများ၊ လိုအပ်ချက်များကို အားလုံးပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပြောင်းလုပ်ငန်းအသင်း အလုပ်အမှုဆောင် ရွေးချယ်ရေးသဘာပတိများမှ တိုင်းဒေသကြီး ပြောင်းလုပ်ငန်းအသင်း အလုပ်အမှုဆောင်အဖြစ် အဆိုပြုသူများစာရင်းကိုဖတ်ကြားခဲပြီး၊ ၎င်းတို့ထဲမှ ဗဟိုအလုပ်အမှုဆောင်နှင့် တိုင်းဒေသကြီး အလုပ်အမှုဆောင် ၁၀ဦးနှင့် နာယက (၃) ဦးကိုလည်း ရွေးချယ်တင်မြှောက်ခဲ့ပါသည်။ ၂၀၂၂-၂၀၂၅ ဧရာဝတီတိုင်းဒေသကြီး ပြောင်းလုပ်ငန်း အသင်း ဥက္ကဌ ဦးမင်းခိုင်မှ အသင်းရေရှည်တည်တံခိုင်မြဲရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တောင်သူများနှင့် ဒေသဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ Good Brothers ကုမ္ပဏီ၊ ကောင်းကြီးသင်္ခါ ကုမ္ပဏီတို့မှ တက်ရောက်လာသူများအား ပြောင်းအခြောက်ခံ စက်နည်းပညာများကို ဆွေးနွေးခဲ့ပြီး နေ့လည်(၁၃:၀၀) တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ဧရာဝတီ)