အိန္ဒိယ၏ ပို့ကုန်မူဝါဒပြောင်းလဲမှုက ထိုင်းဆန်ဈေးနှုန်းများအပေါ် ဖိအားသက်ရောက်

Powered by Drupal

    ပြည်တွင်း၌ ဆန်သိုလှောင်မှု လက်ကျန်ပမာဏ တစ်ရှိန်ထိုး မြင့်တက်လာသည့်အပြင် လယ်သမားများကလည်း သီးနှံရာသီအသစ်မှ စပါးများရိတ်သိမ်းရန်  ပြင်ဆင်လျက်ရှိရာ ကမ္ဘာ့ဆန် တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သော အိန္ဒိယအနေဖြင့် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ပြန်လည်စတင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့‌သော အမိန့် ကြော်ငြာစာ တစ်စောင်တွင် ဘာစမာတီမဟုတ်သော ဆန်ပို့ကုန်များအတွက် ကြမ်းခင်းဈေးကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၀ သတ်မှတ်ကြောင်း ဖော်ပြထားသည်။

    ထို့အပြင် အိန္ဒိယအစိုးရသည် ပေါင်းဆန်တင်ပို့မှုအပေါ် ယခင်က အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ခဲ့ရာမှ စက်တင်ဘာ ၂၇ ရက်နေ့တွင် ၁၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သဖြင့် ပို့ကုန်တန်ဖိုးများ ကျဆင်းစေသော အဆိုပါအပြောင်းအလဲသည် ဆန်တင်ပို့မှုကို တိုးမြင့်စေခဲ့ပြီး ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် မြန်မာတို့ကဲ့သို့သော ပြိုင်ဘက်နိုင်ငံများအား ဈေးနှုန်းလျှော့ချရန် ဖိအားဖြစ်ပေါ် စေခဲ့သည်။

     အိန္ဒိယသည် ၂၀၂၃ ခုနှစ်တွင် ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်အမျိုးမျိုး ချမှတ်ခဲ့ပြီး ဧပြီ လမှ ဇွန်လအထိ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများမတိုင်မီ ပြည်တွင်းစျေးနှုန်းများကို ထိန်းထားနိုင်ရန် ၂၀၂၄ ခုနှစ်တွင်လည်း ဆက်လက်ကျင့်သုံးခဲ့ကြောင်း၊  ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသနှင့် အမေရိကန်တို့ကဲ့သို့ အမြတ်အစွန်းပိုမိုရရှိသော ပြည်ပဈေးကွက်များသို့ လက်လှမ်းမမီမှုနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ခဲ့သည့် ထောင်ပေါင်းများစွာသော လယ်သမားများကို အကူအညီပေးရန်အတွက် အစိုးရအနေဖြင့် ဘာစမာတီဆန်၏ ပို့ကုန်ကြမ်းခင်းဈေးကို ယခုလအစောပိုင်းတွင် ပြောင်းလဲခဲ့ကြောင်း သိရှိရသည်။

    အာရှနှင့် အာဖရိကဝယ်လက်များထံမှ ဝယ်လိုအားနှောင့်နှေးနေသော်လည်း ရူပီးငွေတန်ဖိုး ခိုင်မာမှုအရ အိန္ဒိယဆန်ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာချိန်တွင် ဝယ်လိုအားနည်းပါးမှုနှင့် စျေးသက်သာသော ယှဉ်ပြိုင်ဘက်များထံမှ ပြိုင်ဆိုင်မှုတို့၏ ဖိအားကြောင့် ထိုင်းဆန်ပို့ကုန် ဈေးနှုန်းများသည် ယခုသီတင်းပတ်တွင် ၁၄ လအတွင်း၌ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့သည်။

   ဆန်ကွဲပါဝင်မှု ၅ ရာခိုင်နှုန်းရှိသည့် ထိုင်းဆန်၏ စံပြုဈေးနှုန်းသည် တစ်တန်လျှင် ယခင် ရက်သတ္တပတ်၌ ၅၆၅ အမေရိကန်‌ဒေါ်လာနှုန်းရှိရာမှ ၅၆၀ ဒေါ်လာနှုန်းသို့ ကျဆင်းခဲ့ပြီး အဆိုပါ ဈေးနှုန်းသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့နောက်ပိုင်း အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း သိရှိရသည်။

   အင်ဒိုနီးရှားနိုင်ငံမှ ဆန်ဝယ်လိုအား ရှိခဲ့သော်လည်း ပြိုင်ဘက်နိုင်ငံများသည် အခြားပို့ကုန် လုပ်ငန်းရှင်များထံမှ ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနေကြကြောင်း၊ ဘတ်ငွေတန်ဖိုးကျဆင်းခြင်းသည် ဈေးနှုန်းကျဆင်းခြင်းကို ကူညီပေးနိုင်မည်ဖြစ်ကြောင်း ဘန်ကောက် အခြေစိုက်ကုန်သည်တစ်ဦးက ပြောဆိုခဲ့သည်။

    ဘတ်ငွေတန်ဖိုး မြင့်တက်မှု၏ ပို့ကုန်အပေါ် အကျိုးသက်ရောက်မှုကို လာမည့်သုံးလအတွင်း အထူးသဖြင့် လယ်ယာထွက်ကုန် တင်ပို့မှုများတွင် ကြုံတွေ့ရမည်ဖြစ်ကြောင်း ထိုင်း ကုန်သွယ်ရေးဝန်ကြီး Pichai Naripthaphan က ပြောကြားထားသည်။

Source: Bangkok Post, 28 September, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)