မြင်းခြံ၌ စားသုံးဆီလုပ်ငန်းရှင်များအား ဟောပြောဆွေးနွေးပွဲပြုလုပ်

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည်၂၆.၃.၂၀၂၂ရက်နေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် မြင်းခြံမြို့ရှိ စားသုံးဆီ လက်လီလက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအား မြင်းခြံခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြင်းခြံကုန်စည်ဒိုင်(MDCCI)ခန်းမ၌ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေတို့ကို  အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

             ခရိုင်ဦးစီးမှူး ဦးမောင်ထူးမှ စားသုံးသူပြည်သူများ သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများအား ဝယ်ယူသုံးစွဲနိုင်ရန်အတွက် နိုင်ငံတော်မှ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ မြန်မာနိုင်ငံအနှံ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စားသုံးဆီတင်ပို့ ရောင်းချသောလုပ်ငန်းရှင် ကိုယ်စားလှယ်များမှတဆင့် ရောင်းချပေးခဲ့ပါကြောင်း၊မိမိတို့ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်ရာ Stakeholder များ ပါဝင်သည့် စားသုံးဆီတင်သွင်းသို‌လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းကာ ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်အညီ ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့ကို ကြီးကြပ်ထိန်းကျောင်းခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်၏စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ယခုအချိန်အခါတွင် ကမ္ဘာ့ဈေးကွက်တွင် စားအုန်းဆီဝယ်လိုအားနှင့် ဈေးနှုန်းမြင့်တက်လာခြင်း၊ပြည်ပနိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်လာခြင်း စသည်တို့ကြောင့် ပြည်တွင်း၌လည်း စားအုန်းဆီနှင့် အခြားစားသုံးဆီဈေးနှုန်းများ လိုက်ပါမြင့်တက်လျက်ရှိပါကြောင်း၊ စားအုန်းဆီလက်လီလက်ကား ရောင်းချသူများအနေဖြင့် အပတ်စဉ်ထုတ်ပြန်ပေးသည့် လက်ကားရည်ညွှန်းဈေးအပေါ် ဒေသအလိုက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်ရောင်းချသွားရန်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း(သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရပါက အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံလမ်းညွှန်မှုခံယူပြီး ဆောင်ရွက်သွားရန် လမ်းညွှန်မှုရှိပါသဖြင့် မှန်မှန်ကန်ကန် အရောင်းအဝယ်ပြုလုပ်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ လုပ်ငန်းရှင်လိုက်နာဆောင်ရွက်ရန် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။အဆိုပါဟောပြော ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၄၀)ဦး တက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(မန္တလေး)