စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံး မှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်း တို့သည် (၄.၄.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် သထုံမြို့နယ်ရှိ “မင်းကြီး” မုန့်တိုက်သို့ သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူပြည်သူများ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး၊ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြရေး၊ ဓါတုဆေးဝါးသုံးစွဲမှုမရှိစေရေးနှင့် သန့်ရှင်းလတ်ဆက်သော အစားအသောက်များ စနစ်တကျ ထုတ်လုပ် နိုင်စေရေးတို့အတွက် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရပါသည်။
အဆိုပါ လုပ်ငန်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာနမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ အတည်ပြုချက်ရယူပြီး ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြ၍ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရပြီး ဆိုင်မန်နေဂျာ ဦးသက်လွင်ဦးမှ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာရေးသားဖော်ပြ၍ ရောင်းချသဖြင့် စားသုံးသူများယုံကြည်စိတ်ချစွာပိုမို၍ ဝယ်ယူစားသုံးလာမှုကြောင့် မုန့်အမျိုးအမည် (၃၀) ကျော်ခန့် ပိုမိုထုတ်လုပ်နိုင်ကြောင်း၊ ထုတ်လုပ်မှု၊ ရောင်းချမှုတိုးတက်လာသဖြင့် အလုပ်သမားများအား အလုပ်အကိုင်အခွင့်အလမ်း ပိုမို ဖန်တီးပေးနိုင်ကြောင်း၊ လုပ်ငန်းလည်း ယခင်ထက် ပိုမိုတိုးချဲ့ လုပ်ကိုင်လာနိုင်ကြောင်း ပြောကြားခဲ့ပြီး မုန့်မျိုးစုံထုတ်လုပ်နေမှု အခြေအနေများအား လိုက်လံပြသ ရှင်းလင်းခဲ့ကြောင်း သိရပါသည်။
DOCA(မွန်)