မကွေးမြို့ပေါ်ရှိ စားသုံးဆီ ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ဒေါ်အေးအေးမိုး ဦးဆောင်သော ဝန်ထမ်းများသည် (၄.၃.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကန်သာဈေးအတွင်းရှိ စားသုံးဆီဖြန့်ဖြူး ရောင်းချသူလုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာနမှ (၂၀.၁၂.၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့်အညီ ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား ကွင်းဆင်းအသိ ပေးခြင်းနှင့်ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြလာရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ရာတွင် ဈေးကွက်အတွင်းရှိ အမှတ်တံဆိပ် အများစုတွင် စားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil,Cooking Oil) ဟူ၍ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်(၈)ဆိုင်မှ ဆိုင်ရှင်များနှင့်အလုပ်သမားများအား အဆိုပါဖော်ပြချက်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာပြဌာန်းချက်အရ ကုန်စည်တစ်ခု၏ အမျိုးအမည်မဟုတ်သည့်အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံ ဖော်ပြထားခြင်းမရှိသော ယေဘုယျဆန်သည့် အမျိုးအမည်သာဖြစ်ကြောင်း၊ စားသုံးသူများကို ထင်ယောင်ထင်မှားဖြစ်စေသောကြောင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်သည့်အပြင် အသားတင်ပမာဏကိုလည်း မြန်မာဘာသာဖြင့် (ပိဿာ)(ကျပ်သား)ဖြင့် ဖော်ပြသွားရမည်ဖြစ်ကြောင်း အသေးစိတ်အသိပေးရှင်းလင်းဆွေးနွေးခဲ့ပြီး ဖြန့်ဖြူးရောင်းချသည့် အရောင်းကိုယ်စားလှယ်ကုမ္ပဏီခွဲများ၏ လိပ်စာများရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

        ထိုကဲ့သို့ စားသုံးသူများနှင့်တိုက်ရိုက်ထိတွေ့သည့် ဖြန့်ဖြူးရောင်းချသည့် ဆိုင်များအထိ ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခြင်းဖြင့် စားသုံးသူများထင်ယောင်ထင်မှားဖြစ်စေမည့် ကုန်စည်များ၊ ဈေးကွက်အတွင်းမှ တဖြေးဖြေးပပျောက်လာမည်ဖြစ်ပြီး ဘေးကင်းလုံခြုံမှုရှိသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိလာစေမည်ဖြစ်ပါသည်။

DOCA(မကွေး)