ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆန်တင်သွင်းမှုအပေါ် အခွန်လျှော့ချပေးဖွယ်ရှိ

Powered by Drupal

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ဆန်တင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှုကို လျှော့ချရန် အစိုးရက သုံးသပ်လျက်ရှိပြီး မကြာသေးမီက ရေလွှမ်းမိုးမှုများကြောင့် စပါးစိုက်ပျိုးမှုအပေါ် ပြင်းထန်စွာ ထိခိုက်မှုဖြစ်ပေါ်ခဲ့သဖြင့် ယခုကဲ့သို့ ချင့်ချိန်စဉ်းစားရန် ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားနပ်ရိက္ခာ ဝန်ကြီးဌာနများ၏ သတင်းရင်းမြစ်များတွင် ဖော်ပြထားကြောင်း သိရပါသည်။

    စပါးအဓိကစိုက်ပျိုးသော ဒေသများဖြစ်သည့် Chattogram, Feni, Noakhali, Laxmipur နှင့် Cumilla ခရိုင်များသည် ရေလွှမ်းမိုးခြင်းခံခဲ့ရပြီး လက်ရှိကာလတွင် Rangpur, Sherpur, Lalmonirhat, Netrokona နှင့် Mymensingh ခရိုင်များ၌လည်း ရေလွှမ်းမိုးမှုကိုရင်ဆိုင်နေရဆဲ ဖြစ်သည်။

     သို့ဖြစ်ရာ ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးနှုန်းများသည် သိသိသာသာ မြင့်တက်လာပြီး စားသုံးသူများအတွက် အခက်အခဲ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ သတင်းရင်းမြစ်များအရ ဆန်အမျိုးအစားအမျိုးမျိုး၏ ဈေးနှုန်းများသည် မကြာသေးမီက ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

     ယခုအခြေအနေ၌ အစိုးရအနေဖြင့် ဆန်တင်သွင်းမှုမှတစ်ဆင့် စျေးနှုန်းများအား ထိန်းချုပ်ရန်နှင့် စျေးကွက်တည်ငြိမ်မှုရှိစေရန် ရည်ရွယ်ထားပြီး ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်ကို လျှော့ချရန် ကနဦးအစပြု လုပ်ဆောင်နေကြောင်းဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမည် မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

    လက်ရှိကာလ၌ ဆန်တင်သွင်းမှုအပေါ် စည်းကြပ်သည့် အခွန်နှုန်းမှာ ၆၂.၅၀ ရာခိုင်နှုန်းရှိ သည်။ ထိုသို့ အခွန်စည်းကြပ်မှုကို ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးရန် တောင်းဆိုသည့် အကြောင်း ကြားစာကို စားနပ်ရိက္ခာဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် Lutfar Rahman က လက်မှတ်ရေးထိုး လျက် အမျိုးသားအခွန်ကြီးကြပ်မှုဘုတ်အဖွဲ့ထံသို့ စက်တင်ဘာ ၂၉ ရက်နေ့တွင် ပေးပို့ခဲ့သည်။ အဆိုပါစာ၌ စားနပ်ရိက္ခာဖူလုံမှုရှိစေရေးအတွက်  ပိုမိုကောင်းမွန်သောစီမံခန့်ခွဲမှုနှင့် ဘေးကင်းပြီး အာဟာရပြည့်ဝသော အစားအစာများ ပံ့ပိုးပေးခြင်းကို စားနပ်ရိက္ခာဝန်ကြီးဌာနက လုပ်ဆောင်နေကြောင်း အလေးပေးဖော်ပြထားသည်။

     စားနပ်ရိက္ခာဖူလုံမှုရှိရန်နှင့် တောင်သူလယ်သမားများအား လှုံ့ဆော်ရန်အတွက် အစိုးရ သည် Boro ခေါ် ဆောင်းသီးနှံရာသီတွင် စပါးတန်ချိန် ၅၀၀၀၀၀ နှင့် ဆန်တန်ချိန် ၁၄၇၀၀၀၀၀ ကို ဝယ်ယူရန် လျာထားကြောင်း၊ သြဂုတ် ၃၁ ရက်အထိ စပါး ၂၉၆၉၇၀ တန်နှင့် ဆန် ၁၂၅၅၄၉၇ တန် စုဆောင်းနိုင်ခဲ့ကြောင်း၊ လက်ရှိကာလ၌ အစိုးရ၏ အရန်သိုလှောင်မှုတွင် ဆန်တန်ချိန် ၁၂၆၄၇၄၀ နှင့် ဂျုံ ၄၆၃၉၂၈ တန်၊ စုစုပေါင်း ကောက်ပဲသီးနှံ ၁၇၅၄၁၉၉ တန်ရှိကြောင်း သိရသည်။

   သို့သော် ရေလွှမ်းမိုးမှုကို ကြုံတွေ့ရပြီးနောက် ဆန်ဈေးနှုန်းများသည် ထုတ်လုပ်မှုအဆင့်၊ လက်ကားနှင့် လက်လီရောင်းချမှု အဆင့်များ၌ သိသာစွာ မြင့်တက်လာခဲ့သည်။ ဤအခြေအနေ အပေါ် တုံ့ပြန်မှုအဖြစ် စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာန၊ စားသုံးသူကာကွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များသည် စျေးနှုန်းထိန်းချုပ်ရန်အတွက် စျေးကွက်စောင့်ကြည့် စစ်ဆေးမှုကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။ သင့်တင့်မျှတသော စျေးကွက်ဖြစ်ပေါ်စေရေး စောင့်ကြည့်ကြပ်မတ်ခြင်းနှင့် တရားမဝင်သိုလှောင်မှုများအား စစ်ဆေးအရေးယူခြင်းတို့ကို  လုပ်ဆောင်နေသော်လည်း ဆန်ဈေးနှုန်းမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။

    မကြာသေးမီက ခရိုင် ၁၄ ခုတွင် ရေလွှမ်းမိုးမှုများကြောင့် မိုးကြိုစပါးခင်းများ၊ မိုးစပါးပျိုးပင်များနှင့်စိုက်ခင်းများ ဆိုးရွားစွာပျက်စီးခဲ့သည်ဟု စားနပ်ရိက္ခာဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ ဆန်ရောင်းလိုအား ကျဆင်းလာမှုနှင့်အတူ ဝယ်လိုအားများပြားမှုက ဆန်ဈေးနှုန်းများကို ပိုမိုမြင့်မားစေဖွယ်ရှိသည်။ ထို့အပြင် အိန္ဒိယ၏ ဂျုံတင်ပို့မှု တားမြစ်ပိတ်ပင်ခြင်း၊ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဂျုံတင်သွင်းမှု လျော့ကျခြင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာခြင်း တို့ကြောင့် စပါးဈေးများ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။

    ဤအခြေအနေတွင် ဆန်ဈေးကွက်တည်ငြိမ်ရေးနှင့် အစိုးရ၏ အရန်ရိက္ခာသိုလှောင်မှုများ  တိုးမြှင့်ရေးသည် မဖြစ်မနေ လိုအပ်လျက်ရှိသည်။ ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းရန်မှာလည်း လိုအပ်ဖွယ်ရှိပြီး အစိုးရအနေဖြင့် ဆန်တန်ချိန် ၅၀၀၀၀၀ ကို တင်သွင်းရန် အတည်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

     ကမ္ဘာ့ဆန်ဈေးကွက်၌ ဈေးနှုန်းများသည် လက်ရှိ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းဈေးကွက်ထက် ပိုမိုမြင့်မားနေသော်လည်း ဆန်တင်သွင်းမှုအပေါ် အခွန်ကို ၆၂.၅၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျှော့ချခြင်းမှာ ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန် လိုအပ်သည့်လုပ်ဆောင်ချက် တစ်ခု အဖြစ် ရှုမြင်နိုင်ကြောင်း၊ လက်ရှိကာလ ဆန်တင်သွင်းရာတွင် စည်းကြပ်သည့် အခွန်အခများ၌ အကောက်ခွန် ၂၅ ရာခိုင်နှုန်း၊ ကြီးကြပ်မှုအခွန် ၂၅ ရာခိုင်နှုန်း၊ ကြိုတင်ဝင်ငွေခွန် ၅ ရာခိုင်နှုန်း၊ ကြိုတင်အခွန် ၅ ရာခိုင်နှုန်း၊ အာမခံ ၁ ရာခိုင်နှုန်း၊ ဆိပ်ကမ်းချခ ၁ ရာခိုင်နှုန်းနှင့် DF VAT ခေါ် စာရွက်စာတမ်းကြေးအပေါ် တန်ဖိုးထပ်ဆောင်းအခွန် ၀.၅ ရာခိုင်နှုန်းတို့ ပါဝင်ကြောင်း သိရသည်။

    အိန္ဒိယနိုင်ငံသည် မကြာသေးမီက ၎င်း၏ ဆန်တင်ပို့မှုအခွန်ကို ၂၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင် နှုန်းသို့ လျှော့ချခဲ့ရာ အကယ်၍ ဘင်္ဂလားဒေ့ရှ်သည် သွင်းကုန်အခွန်ကို ၅ ရာခိုင်နှုန်းသို့ လျှော့ချ ပါက အိန္ဒိယံမှ ဆန်များကို တင်သွင်းရာတွင် အခွန်စုစုပေါင်း ၁၅ ရာခိုင်နှုန်းသာ ကျရောက်မှုရှိမည် ဖြစ်သည်။

     ယခုကဲ့သို့ အခွန် လျှော့ချခြင်းသည် ပြည်တွင်း ၀ယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရေး သွင်းကုန်လုပ်ငန်းရှင်များသို့ တွန်းအားဖြစ်စေလိမ့်မည်ဟု စားနပ်ရိက္ခာဝန်ကြီးဌာန၏ အကြောင်း ကြားစာတွင် ဖော်ပြထားသည်။ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံးမှ ဘာစမာတီမဟုတ်သော ပေါင်းဆန်နှင့် ရနံ့မရှိသော တစ်ပိုင်းတစ်ပေါင်းဆန် (Atap rice) တို့အပေါ် အခွန်လျှော့ချမှုများ စတင်လုပ်ဆောင်ရန် အဆိုပါဝန်ကြီးဌာနက အမျိုးသားအခွန်ကြီးကြပ်မှုဘုတ်အဖွဲ့သို့ တောင်းဆိုထားသည်။

Source: The Business Standard, October 7, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)