ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး တို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန် ရည်ရွယ်၍ ဧပြီလ(၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ပခုက္ကူမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းရှင်၊ ပေါင်မုန့်/ကိတ်မုန့် လုပ်ငန်းရှင်များဆီသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ဒု-ခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက် အတွင်းရှိ  မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက် ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများ အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ်  ယုံကြည်မှုများရှိလာပြီး အကျိုးစီးပွားများ ပိုမိုရရှိလာ နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(က)ရှိ သောက်ရေသန့်အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေး နည်းလမ်းအရအရေးယူ ခြင်း၊တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းသိရှိလိုက်နာစေရန် ဆွေးနွေးခဲ့ပြီးစီးပွားရေး လုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိ ကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း အသေးစိတ် ဆွေးနွေးခဲ့ပါသည်။

          စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ရေသန့်လုပ်ငန်းရှင်အား တွေ့ဆုံ ဆွေးနွေးရာတွင် သောက်ရေသန့်သည် စားသုံးသူများအတွက် မရှိမဖြစ်အရေးပါသော ထုတ်ကုန် တစ်ခုဖြစ်သော ကြောင့်ကုသိုလ်များစွာရရှိပါကြောင်း၊ ရေကို(GMP)Guide Lineနှင့်အညီ ထုတ်လုပ် နိုင်ရန်လည်း အရေးကြီးပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းကြောင့် လုပ်ငန်းရှင်များ၏ အကျိုးစီးပွားများ ပိုမိုဖြစ်ထွန်းလာ နိုင်၍ လိုက်နာ စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ " PPK " သောက်ရေသန့်လုပ်ငန်းမှ ရေသန့်ဘူးများကို (၂၀)လီတာ၊ (၁) လီတာ၊ နှင့်(၀.၆)လီတာဘူးများ  ထုတ်လုပ်နေသည်ကို တွေ့ရှိရကြောင်း၊ တစ်ရက်လျှင်ဘူး အရေအတွက် (၇၀၀ မှ ၁၀၀၀)ထိ ထုတ်လုပ်ကြောင်း၊ လက်ကားဈေးနှုန်းအနေဖြင့် (၂၀)လီတာ တစ်ဘူးလျှင် (၅၀၀/၆၀၀)ကျပ်၊ (၁)လီတာ(၆)ဘူး တစ်ကဒ်လျှင် (၁၂၀၀)ကျပ်၊ (၀.၆)လီတာ (၁၂)ဘူးတစ်ကဒ် လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့်ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူဒေသတွင်း နှင့်ဂန့်ဂေါ၊ ဆော၊ ကျောက်ထုဒေသများသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ လုပ်သားဦးရေမှာ (၁၄)ဦးခန့် ရှိပြီး လုပ်အားခအနေဖြင့် (၄၀၀၀ မှ ၇၀၀၀)ကျပ်ထိပေးရကြောင်း လုပ်ငန်းရှင် ဦးကျောက်တိုင်၏ ပြောကြားချက်အရသိရှိရပါသည်။

          ဤကဲ့သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး စိတ်ချယုံကြည်ရသည့် ကုန်စည်များရွေးချယ်ဝယ်ယူနိုင်ရေးအတွက် ဒေသတွင်း ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(မကွေး)