မုံရွာမြို့တွင် တရားမဝင် စက်ဆီ၊ချောဆီများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မတ်လ ၃၁ ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ စက်ဆီ၊ချောဆီများ လက်လီ၊ လက္ကားရောင်းချဖြန့်ဖြူးလျက်ရှိသည့် အရောင်းဆိုင်(၆) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း တရားမဝင် စက်ဆီ၊ ချောဆီနှင့်ဆက်စပ်ရေနံထွက်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်း၊ တရားဝင်လုပ်ငန်းလိုင်စင်ရယူ ၍ ဆောင်ရွက်မှုမရှိခြင်းတို့ကြောင့် နိုင်ငံတော်အတွက် အခွန်အခ များနစ်နာကြောင်း၊ အရည်အသွေး မမှန်သည့် စက်ဆီ၊ချောဆီများရောင်းချမှုကြောင့် စားသုံးသူများအသုံးပြုနေသည့် စက်ကိရိယာများ ပျက်ဆီးထိခိုက်မှုများရှိနိုင်ကြောင်း၊ စားသုံးသူများအတွက် အရည်အသွေးအာမခံချက်ရှိစေရန် စိတ်ချ ယုံကြည်စွာဝယ်ယူသုံးစွဲနိုင်ရန်၊ အတုအပကင်းစင်လျှော့နည်းစေရန်ရည်ရွယ်ကြောင်း ဦးစွာဆွေးနွေး ပြောကြားပါသည်။

       ထို့နောက် အရည်အသွေးအာမခံချက်မရှိခြင်းကြောင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၁)၊ ပုဒ်မ၂၃(က)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်များတွင် စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်းနှင့် မကိုက်ညီသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တရားဝင်လိုင်စင် ရယူဆောင်ရွက် သည့် ကုမ္ပဏီများက တင်သွင်းထုတ်လုပ်ပြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ (PPRD Code No.)ပါ ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချကြရန်နှင့် တရားမဝင်စက်ဆီ၊ချောဆီများ ဈေးကွက် အတွင်းဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိရပါက ဥပဒေအရအရေးယူဆောင်ရွက်သွားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စက်ဆီ၊ချောဆီ၊ အင်ဂျင်ဝိုင်နှင့်ပတ်သက်၍ အတု/အစစ်ခွဲခြားသိရှိနိုင်ရန် အချက်အလက်များပါသော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)