မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ်ဈေး၊ ဈေးတာဝန်ခံရုံး၌ ရန်ပယ် ဈေးတွင်း/ ဈေးပြင် စားသုံးဆီရောင်းချနေသော ဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြလာရေး အသိပေးရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ အသိပေးရှင်းလင်းရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးမှ စားသုံးဆီ ရောင်းချဖြန့်ဖြူးသော လုပ်ငန်းရှင်များအား ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ အရ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ညွှန်ကြားချက်ကို (၂၀.၁၂.၂၀၂၁)တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ (၆)လပြည့်သည့်နေ့မှစ၍ အရေးယူ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း၊ စားသုံးဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့်လည်း ယခုချိန်မှစ၍ ပြင်ဆင်ရန်လိုအပ်ပါကြောင်း၊ စားသုံးဆီဖြန့်ဖြူးသော ကုမ္ပဏီများ၏ ကိုယ်စားလှယ်များကိုလည်း အသိပေးရှင်းလင်းခြင်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ အချိန်အတွယ်ဖြင့် ရောင်းချသော ဆီဆိုင်များ အနေဖြင့်လည်း ဘေးအန္တရာယ် ကင်းရှင်းအောင် စတီးအိုး၊ ကြွေအိုး၊ စဉ့်အိုး၊ ပလတ်စတစ်ပုံးများဖြင့် သိုလှောင်ရောင်းချရန်၊ ဈေးကွက်တွင် စားအုံးဆီနှင့် ပဲဆီ၊ နှမ်းဆီကို ရောစပ်၍ ရောင်းချနေခြင်းများ လည်းရှိရာ စားသုံးသူများ ရှင်းရှင်းလင်းလင်း သိစေရန် ရောစပ်မှုအချိုးကို ပွင့်လင်းမြင်သာစွာ ဖော်ပြ ရောင်းချသွားရန် အသေးစိတ် ရှင်းလင်းခဲ့ပြီး စားသုံးဆီရောင်းချသူလုပ်ငန်းရှင်များမှ သိလိုသည်များ မေးမြန်းခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များ အား (၂၀.၁၂.၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့် လက်ကမ်း စာစောင်များ ဝေငှခဲ့ပါသည်။
ဆက်လက်၍ နေ့လည် (၁၄:၀၀)နာရီတွင် မကွေးတိုင်းဒေသကြီးအတွင်း ကိုယ်စားလှယ် ဖြန့်ဖြူး ရောင်းချနေသည့် Cook အမှတ်တံဆိပ် စားသုံးဆီ ဖြန့်ဖြူးရောင်းချသော အရောင်းဆိုင်သို့ သွားရောက်၍ ဟင်းသီး ဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အား အသိပေးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)