မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက် တွင် နွေနှမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများ၊ အခြားမြို့နယ်များမှ နွေနှမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ်(၃၀၀-၄၀၀) ဝင်ရောက်၍ တစ်ပတ်အတွင်း အိတ်(၂၀၀၀)ခန့် ဝင်ရောက်ကြောင်း၊ ယခုရာသီတွင် မိုးရွာသွန်းမှုများ၍ သီးနှံအရည်အသွေး အနည်းငယ်ညံ့၍ ဈေးကျဆင်းကြောင်း၊ နှမ်းဖြူနှင့် နှမ်းနက်(စမုန်)နှစ်မျိုး အများဆုံး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ(ဒုတိယပတ်)တွင် နှမ်းအရည်အသွေးကိုလိုက်၍ နှမ်းနက် (စမုန်)တစ်တင်းလျှင် ကျပ်(၂၁၄၀၀၀-၁၉၅၀၀၀-၁၈၀၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် (၁၃၂၀၀၀-၁၂၀၀၀၀-၁၁၂၀၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သီးနှံပေါ်ချိန်ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများကြောင်း၊ ယောနယ်ဒေသ ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ကျောက်ထုဒေသထွက် နှမ်းများ အများဆုံးဝင်ရောက်ကြောင်း၊ ဈေးကွက်သို့ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်သလောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
ပခုက္ကူမြို့တွင် ဖြစ်ပေါ်နေသော နှမ်းဈေးကွက်
Powered by Drupal