မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များသည် စိုက်ပျိုးရေးကိုအခြေပြု၍ နှစ်စဉ် စပါး၊ ဝါ၊ ဆေးရွက်ကြီးနှင့် ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံ၊ ကုန်စိမ်းသီးနှံများ နှစ်စဉ်စိုက်ပျိုးကြပြီး ပြည်တွင်းဈေးကွက်ဝင် ပြည်ပပို့ကုန်သီးနှံတစ်မျိုးဖြစ်သည့် အစေ့ထုတ်ပြောင်း(CP)ကိုလည်း နှစ်စဉ်စိုက်ပျိုးကြပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပခုက္ကူမြို့နယ်တွင် စိုက်ဧက(၂၀၀၀)၊ ရေစကြိုမြို့နယ်တွင် စိုက်ဧက (၉၀၀၀)၊ ပေါက်မြို့နယ်တွင် စိုက်ဧက(၄၀၀၀)၊ မြစ်ခြေမြို့နယ်တွင် စိုက်ဧက(၅၀၀)ခန့်စိုက်ပျိုးကြောင်း၊ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ငွေကျပ်(၇)သိန်းကုန်ကျကြောင်း၊ အထွက်နှုန်းမှာ ပျမ်းမျှတင်း(၇၀)ခန့်ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ်(၁၈)သိန်း ခန့်ရရှိကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း(CP) စိုက်ပျိုးမှုအနေဖြင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီ၊ မတ်လတွင် သီးနှံရိတ်သိမ်းပြီး ဈေးကွက်သို့ စတင်အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စဒေသတွင်းဈေးကွက်တွင် အစေ့ထုတ်ပြောင်း(CP) ကျပ်(၂၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြည်ပအဝယ်လိုက်၍ ဈေးနှုန်းမြင့်တက်ခဲ့ရာ စက်တင်ဘာလ(ပထမပတ်)တွင် အစေ့ထုတ်ပြောင်း(CP) တစ်တင်းလျှင် ကျပ်(၃၀၀၀၀)ခန့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး အောက်တိုဘာ(ဒုတိယ ပတ်)တွင် တစ်တင်းလျှင် ကျပ်(၃၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း သီးနှံလက်ကျန်နည်း၍ တစ်ပတ်အတွင်းပိဿာ(၃၀)ဝင်အိတ်ရေ(၂၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက် အနေဖြင့် ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်များမှ ဝယ်ယူလျက်ရှိပြီး ပြည်ပ ထိုင်း၊ တရုတ် နိုင်ငံများသို့လည်း အဓိကတင်ပို့လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဈေးကွက်၌ အစေ့ထုတ်ပြောင်း(CP)စေ့ (အဟောင်း)များသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း(CP)ကို ပြည်တွင်းစားသုံးမှုနည်းသော်လည်း မွေးမြူရေးလုပ်ငန်းများမှ တိရိစ္ဆာန်အစာအဖြစ်အသုံးပြုပြီး အပင်မှရရှိသော အရွက်၊ အရိုး၊ အမြစ်များကိုလည်း ကျွဲ၊ နွားများအတွက် တိရိစ္ဆာန်အစားအစာအဖြစ် အသုံးဝင်သည့်အပြင် ပြည်ပပို့ကုန်အဖြစ် နှစ်စဉ်တင်ပို့လျက်ရှိ၍ ပြည်တွင်းဈေးကွက်ခိုင်မာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိခြင်းကြောင့် စိုက်တောင်သူများအနေဖြင့် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)