ပြည်ဒေသထွက် အာဆီယံသပြေများ ဈေးကောင်းရရှိ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အောင်ဆန်းရပ်ကွက်နှင့် တောင်ခွေးရဲကျေးရွာ၊ ပျဉ်းပင်ကိုင်းကျေးရွာတို့တွင် အာဆီယံသပြေပန်းများကို စီးပွားဖြစ် စိုက်ပျိုးထားကြောင်းသိရသည်။ အာဆီယံသပြေများ ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး နေ့စဉ်ဝင်ငွေ ရရှိသောကြောင့် သပြေပန်း စိုက်သူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။ အာဆီယံသပြေသည် ရဲရဲနီသော ရွက်သစ်အညွန့် များကြောင့် ကြည့်ရဆန်းပြီး ကျက်သရေရှိသည့် နှစ်ရှည်သပြေပင် အမျိုးအစားဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ် ထားရာ သပြေပန်းအညွန့်များကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး နေ့စဉ်ပုံမှန်ဝင်ငွေ ကောင်းမွန်သော အလှစိုက်နှင့် ဘုရားပန်းရောင်းတန်းဝင် အပင်တစ်မျိုးဖြစ်ပါသည်။

          အာဆီယံသပြေပန်းများကို ရာသီမရွေး စိုက်ပျိုးကြသည်။ အာဆီယံသပြေသည် နှစ်ရှည်ပင် အမျိုးအစားဖြစ်ပါသည်။ အာဆီယံသပြေကို စီးပွားဖြစ်စိုက်ပျိုးပါက တစ်နေ့ (၂)ကြိမ် ရေလောင်း ပေးရပါသည်။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေလောင်းပါက လုံလောက်ပါသည်။အာဆီယံ သပြေသည်  စစိုက်ပျိုးချိန်မှ (၈)လမှ (၁)နှစ်ခွဲအကြာတွင် ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချ နိုင်ပါသည်။ အာဆီယံသပြေအညွန့်များကို (၁၅)ရက်တစ်ကြိမ် ဖြတ်တောက်ရောင်းချလို့ရနိုင် ကြောင်းသိရပါသည်။ အာဆီယံသပြေများ စိုက်ပျိုးရောင်းချရာတွင် အောင်အတိတ်၊ အောင်နမိတ် ပန်းဖြစ်သည့်အပြင် ကုန်ကျစရိတ် သက်သာခြင်း၊ နှစ်ရှည်ပင်ဖြစ်ခြင်းတို့ကြောင့် စိုက်ပျိုးသူများ များပြားလာကြောင်းသိရသည်။ ပြည်မြို့တွင်းရှိ (Plant Zone)ပျိုးပင်ရောင်းဝယ်ရေးတွင် အာဆီယံပျိုးပင်များရောင်းချနေပြီး ရောင်းဈေးမှာ အမြင့် (၂/၃)ပေ ဝန်းကျင်ရှိ သပြေပင်ပေါက် တစ်ပင်လျှင် (၂၅၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရသည်။ ပြည်မြို့ဈေးကွက်တွင် အာဆီယံ သပြေပန်းအညွန့် အစည်း တစ်စည်းလျှင် (၁၀)ညွန့် ပါဝင်ပြီး တစ်စည်းလျှင် (၅၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချနေကြောင်း သိရသည်။

DOCA(ပဲခူး)