ဆိပ်ဖြူမြို့နယ်၌ မိုးကြက်သွန်နီ (ဥ)စိုက်များ စတင်စိုက်ပျိုး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးရာတွင် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် တောင်သူအများ စိုက်ပျိုးကြောင်း၊ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီသီးနှံကို မိုးစိုက်၊ (ဥ)စိုက်နှင့် ဆောင်းစိုက် (ပင်)စိုက်ဟူ၍ နှစ်ရာသီစိုက်ပျိုးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်မှစ၍ မိုးကြက် သွန်နီ(ဥ)စိုက်များ စတင်စိုက်ပျိုးကြောင်း၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကိုင်းကျွန်းမြေများနှင့် ကုန်း တွင်းပိုင်း လယ်ကွင်းမြေများတွင် အများဆုံးစိုက်ပျိုးကြောင်း၊ ကြက်သွန်နီဈေးကွက်အပေါ်မူတည်၍ စိုက်ဧက အနည်းအများကွာခြားကြောင်း၊ ယခုနှစ် စိုက်ပျိုးရာသီချိန် အောက်တိုဘာလတွင် ဒေသတွင်း ကြက်သွန်နီဈေးကွက်၌ ဈေးနှုန်းမြင့်တက်လာ၍ ကြက်သွန်နီ(ဥ)စိုက်တောင်သူများ စိုက်ပျိုးမှုများလာကြောင်း၊ ယခင်နှစ်တွင် စိုက်ဧက (၉၀၀)ခန့် စိုက်ပျိုးပြီး ယခုနှစ်တွင် စိုက်ဧက (၁၀၀၀)ခန့်ထိ တိုးချဲ့ စိုက်ပျိုးကြမည်ဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

      ယခုနှစ်တွင် ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက်ရှိ စိုက်တောင်သူ ဦးမိုးအောင်သည် မိုးကြက်သွန်နီ စိုက်ဧက(၃)ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၈၀-၉၀)အကြာ ဇန်နဝါရီလဆန်းပိုင်းတွင် စတင်တူးဖော်မည်ဖြစ်ကြောင်း၊ မျိုးဥအနေဖြင့် (ဇော်မွှားဥ)ကို စိုက်ပျိုးကြောင်း၊ မျိုးဥအရွယ်အစားသေးငယ်၍ တစ်ဧကလျှင် ပိဿာ(၃၀၀)ခန့် ဝင်ဆံ့စိုက်ပျိုးကြောင်း၊ တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ပိဿာ (၁၀၀)လျှင် ကျပ်(၅)သိန်းဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ယခုနှစ်စိုက်ပျိုးချိန်တွင် မျိုးဥဈေး သွင်းအားစုအမျိုးမျိုးနှင့် အလုပ်သမားငှားရမ်းခ ကြီးမြင့်၍ တစ်ဧက ကျပ် သိန်း(၄၀)ခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ ယခင်နှစ် စိုက်ပျိုးချိန်တွင် တစ်ဧကလျှင် ကျပ်(၃၀-၃၅) သိန်းခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာချိန် (၃၀၀၀- ၅၀၀၀) ခန့်ထွက်ရှိပြီး ဒေသတွင်းသီးနှံပေါ်ချိန်ဈေးကွက်တွင် ကြက်သွန်နီ(ဥ)စိုက် တစ်ပိဿာလျှင် ငွေကျပ်(၁၈၅၀-၂၀၀၀-၃၀၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ အကျိုးအမြတ်အနေဖြင့် ငွေကျပ် သိန်း(၇၀)ခန့် ရရှိခဲ့ကြောင်း သိရသည်။

     ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ဒေသတွင်းဖြန့်ဖြူမှုအပြင် ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များနှင့် ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်၊ မူဆယ်မြို့များမှတဆင့် ထိုင်း၊ ဗီယမ်နမ် နိုင်ငံများသို့ တင်ပို့ရောင်းချ ဖြန့်ဖြူးကြောင်း သိရှိရသည်။

DOCA(မကွေး)