ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ ၁၉.၄.၂၀၂၂ ရက်နေ့တွင် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ ထွန်စက်အငှားလိုက်ဝန်ဆောင်မှု လုပ်ငန်းရှင်(၈)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)တွင် အခန်း(၂၅)ခန်းနှင့်ပုဒ်မ(၈၄)ခု ပါဝင်ပြီး ယင်းဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် ဖော်ပြ ရမည့်အာမခံချက်များတွင် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ မှန်ကန်သောသတင်းအချက်အလက်နှင့်ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်း နှင့်အညီပြည့်ဝစွာပေးခြင်း၊ စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ အာမခံထားသော အချိန်ကာလ အတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှု တန်ဖိုးအတိုင်း ပေးအပ်စေခြင်းတို့ဖြစ်ကြောင်း၊ စားသုံးသူအပေါ်အာမခံချက်ပေးထားသည့် ကာလ အတိုင်းဝန်ဆောင်မှုမပေးနိုင်လျှင် သို့မဟုတ် ဝန်ဆောင်မှုပေးရန် ပျက်ကွက်လျှင် စားသုံးသူအနေဖြင့် ဝန်ဆောင်မှုပေးရန်ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျော်ကြေးပေးရန်၊ အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထားသောဝန်ဆောင်မှုကိုမရရှိခဲ့လျှင် စားသုံးသူ၏ နစ်နာမှုအတွက် ကုစားခွင့်ပေးရန်တောင်းဆိုပိုင်ခွင့်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်းခဲ့ရာ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ကချင်ပြည်နယ်