တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရောင်းကုန်တစ်ခုဖြစ်သော ရွှေပန်း၊ ငွေပန်းများသည် ယခုအခါ လှိုင်လှိုင်ပွင့်ဝေ၍ ဈေးကွက်အတွင်း ရာသီပန်းများအဖြစ်ရောင်းချလျက်ရှိပါသည်။ ရပ်ကွက်အတွင်း အချို့အိမ်များတွင် အလှစိုက်၍သော်လည်းကောင်း၊ တပိုင်တနိုင်စိုက်ပျိုးပြီး အပွင့်များရောင်းချ၍သော်လည်းကောင်း စိုက်ပျိုးကြပါသည်။
ရာသီပေါ်ပန်းရောင်းသော ပန်းသည်များသည် တစ်ရာသီတစ်မျိုးပေါ်နေသော ပန်းများကိုဝယ်ယူ၍သီကုံးပြီး တဆင့်ပြန်လည်ရောင်းချခြင်းဖြင့် ဝင်ငွေရရှိလျက်ရှိပါသည်။ ပန်းစိုက်ပျိုးသူများသည် ပန်းသည်များထံသို့ ရွှေပန်း၊ ငွေပန်းများအား အပွင့် ၁၀၀ လျှင် ၇၀၀ ကျပ်နှုန်းဖြင့် ပန်းရောင်းသူက ကိုယ်တိုင်သီကုံး၍ သုံးပွင့်ပါတစ်ကုံးလျှင် ၁၀၀ ကျပ်၊ သုံးကုံးလျှင် ၂၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချပါသည်။
ယခင်နှစ်က သုံးပွင့်ပါတစ်ကုံးလျှင် ၅၀ ကျပ်ဖြင့် ရောင်းချရသဖြင့် ယခုနှစ်တွင် ဈေးကောင်းရသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ ရွှေပန်း၊ ငွေပန်းကုံးများကို ဘုရားပန်းကပ်လှူ၍လည်း ကောင်း၊ မော်တော်ယာဉ်များတွင် ချိတ်ဆွဲ၍လည်းကောင်း ဝယ်ယူကြကြောင်း ပန်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)