ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်သည်ရေမြေသဘာဝအရ တောင်ကျချောင်းကြီး(၃)ခု စီးဆင်းလျက်ရှိပြီး စိုက်ပျိုးရေးကို အဓိကထားပြီး အသက်မွေးဝမ်းကြောင်း လုပ်ကိုင်၍ အဆင်ပြေလျက်ရှိပါသည်။ စပါး၊ မတ်ပဲတို့ကိုအဓိက စိုက်ပျိုးထားရှိသည့်အပြင် ဂေါ်ဖီ၊ ငရုတ်၊ သခွားကဲ့သို့ ရာသီပေါ်သီးနှံများလည်း စိုက်ပျိုးထွက်ရှိပါသည်။
အုတ်ဖိုမြို့နယ်မှထွက်သော ငရုတ်သီးစိမ်းသည် ဈေးကောင်းရရှိသဖြင့် တောင်ယာသမားများ အများအပြားစိုက်ပျိုးလျက်ရှိရာ ကျေးရွာအုပ်စုအနေဖြင့် (၁၁)အုပ်စု ကျေးရွာခွဲ (၁၅)ရွာခန့် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါသည်။ မျိုးများအနေဖြင့် (၁)ညောင်ရန်း၊ (၂) မိုးမျှော်၊ (၃)ပင်နမ် စသောမျိုးများ အဓိကစိုက်ပျိုးကြပါသည်။ ၎င်းမျိုးများမှာ ကြာရှည်အထားခံပြီး ဈေးကောင်းရသောကြောင့်ဟု သိရသည်။ ငရုတ်စိုက်(၁)ဧကလျှင် ပိဿာ ၇၀၀ခန့်အထိရရှိပြီး ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ရကြောင်း သိရှိရသည်။ ငရုတ်သီးစိုက်ပျိုးခြင်းသည် အချိန်တိုအတွင်းဝင်ငွေကောင်းသဖြင့် တောင်သူများ တွက်ခြေကိုက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)