မြန်အောင်မြို့နယ်ရှိ SMEs ထုတ်ကုန်ဖြစ်သော စိမ့်မြေပဲကြော်လုပ်ငန်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စာတိုက်တဲကြီးကုန်းလမ်းတွင် ဒေသထွက်ကုန်ဖြစ်သော စိမ့်မြေပဲကြော်လုပ်ငန်းသည်  ဒေသတွင်းနှင့် အခြားမြို့နယ်၊ ခရိုင်များသို့ ဖြန့်ဖြူးရောင်းချလျှက်ရှိပြီး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ SMEs ပြခန်းများတွင်လည်း သွားရောက်ပြသရပြီး ပြည်ပသို့ပါဈေးကွက်ရရှိရန် ထိုးဖောက်လျက်ရှိပါသည်။

             စိမ့်မြေပဲကြော်ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သော မြေပဲ၊ ပဲမှုန့်၊ ကော်မှုန့်၊ ဆီများ  ပါဝင်အသုံးပြုကြပါသည်။ မြေပဲကြော်တစ်ဒယ်လျှင် မြေပဲဆံ ၁ ပြည် ၄ လုံး၊ ပဲမှုန့်နှင့် ကော်မှုန့်၊ ဆီ(၅၀)သား၊ သကြား၊ ဂျင်းနှင့် ကြက်သွန်ဖြူ၊ ဆားတို့ကို သင့်တင့်မျှတစွာရောစပ်၍ ကြော်ရပါသည်။ မြေပဲကြော်ပြုလုပ်ရာတွင် လုပ်သား (၄)ဦးလိုအပ်ပြီး၊ တစ်ဒယ်စာ ကုန်ကျစရိတ် (၃၃၀၀၀/-) ကျပ်ခန့်ကုန်ကျကြောင်း သိရှိရပါသည်။ မြေပဲကြော်တစ်ဒယ်လျှင် ၁၅၀၀/- ကျပ်တန် အထုပ်(၃၀) ခန့်ထွက်ရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဒယ်လျှင် ၁၂၀၀၀/- မှ ၁၅၀၀၀/- ကျပ်ထိ ရရှိပါသည်။ မြေပဲကြော်ကို တစ်ရက်ခြားကြော်ရပြီး မြန်အောင်မြို့နယ် ဒေသတွင်းနှင့် အခြားမြို့နယ်များသို့ ဒေသလက်ဆောင်အဖြစ် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စိမ့်မြေပဲကြော်အား သရေစာအဖြစ် ရေနွေးကြမ်းနှင့် တွဲဖက်စားသောက်သလို ထမင်းပူပူလေးနှင်လည်း စားသုံးကြပါသည်။ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သလို  ဒေသထွက်မြေပဲဆံကို အသုံးပြုခြင်းကြောင့် အာဟာရပြည့်ဝပြီး အရသာထူးကဲသည့်အတွက် စားသုံးသူများအကြိုက်တွေ့လျက်ရှိကြောင်း၊ မြန်အောင်မြို့နယ်၏ ဒေသလက်ဆောင်အဖြစ်လည်း ဝယ်ယူကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)