မကွေးမြို့နယ်၊ ကရင်ကျေးရွာ၌ ထောပတ်ပဲ(ဆောင်း)သီးနှံများ ဖြစ်ထွန်းအောင်မြင်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကရင်ကျေးရွာတွင် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံသီးနှံတို့ကို စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံစိုက်ဧက ၈၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

   ထောပတ်ပဲ(ဆောင်း)သီးနှံကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် ထောပတ်ပဲ(ဖြူ)၊ (ညို)နှင့် (ဖြူကြား)တို့ဖြစ်ပြီး ထောပတ်ပဲ (အဖြူ)ကို အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ၍ အတန်းလိုက်အစေ့ချ စနစ်ဖြင့်  တစ်ဧကလျှင် မျိုးစေ့  ၁၀ ပြည်ခန့် ကုန်ကျ၍ စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၅၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၅-၂၀ တင်းခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ထောပတ်ပဲ(ဆောင်း)သီးနှံပေါ်စအချိန်တွင် တစ်တင်းလျှင် ငွေကျပ် ၉၈၀၀၀-၁၀၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၉၅၀၀၀၀ ကျော် ရရှိကြောင်း သိရသည်။

   ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ထောပတ်ပဲ(ဖြူ) တစ်တင်းလျှင် ငွေကျပ် ၁၁၂၀၀၀-၁၃၅၀၀၀ ဈေးနှုန်းဖြစ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ဒေသတွင်း ပွဲရုံများနှင့် ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များမှ ဝယ်ယူကြကြောင်း၊ ထို့အပြင် ပွဲရုံများမှတဆင့်  ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊  ယခုအချိန်တွင် ထောပတ်ပဲသီးနှံများ ဖူးပွင့်ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိသောကြောင့် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်ပါကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(မကွေး)