အောင်လံမြို့နယ်၌ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ဝါသီးနှံနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာများသည် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ နေကြာနှင့် ဝါသီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ဝါသီးနှံကို (၂၃၂၇၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

        မျိုးများအနေဖြင့် ရွှေတောင်(၁၀)၊ RAKA၊ TBL195၊ B31 မျိုးများကို ဇူလိုင်လကုန်တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ထွက်ပေါ်မည်ဖြစ်ကြောင်း၊ (၁)ဧက အနေဖြင့် မျိုးစေ့ (၇)ပိဿာခန့် ကုန်ကျပြီး ထွန်ယက်ခ၊ မျိုးစေ့၊ စိုက်စရိတ်၊ သွင်းအားစုအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ (၆) သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က အထွက်နှုန်းအနေဖြင့် (၁) ဧကတွင် (၂၅၀ မှ ၃၅၀) ပိဿာ ထွက်ရှိကြောင်း၊ (၁)ပိဿာလျှင် ကျပ်(၃၅၀၀)ခန့်ရောင်းရပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၆)သိန်းကျော်ရရှိကြောင်း သိရသည်။ 

           ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ဝါသီးနှံဈေးနှုန်းအခြေအနေမှာ ဝါ(၁)ပိဿာ လျှင် ကျပ်(၃၂၀၀-၃၄၀၀)၊ ဝါဂွမ်း(၁) ပိဿာလျှင် ကျပ်(၈၀၀၀-၈၅၀၀-၉၀၀၀)၊ (ဝါစေ့) (၁) ပိဿာလျှင် ကျပ်(၁၄၀၀-၁၅၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ပွဲရုံများမှတဆင့် မန္တလေးတိုင်းဒေသကြီး၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံနှင့် ပုဂ္ဂလိကအထည်စက်ရုံများသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ ယခုအချိန်တွင် ဝါသီးနှံများမှာ အပင်ဖြစ်ထွန်းအားကောင်းမွန်ပြီး အကိုင်းအခက်များဝေဆာကာ အသီးအပွင့်များပွင့်ဖူးလျက်ရှိပါကြောင်း၊ ရာသီဥတုအခြေအနေကောင်းမွန်သောကြောင့်  အထွက်နှုန်းကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(မကွေး)