မကွေးမြို့၏ မြေပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ထောပတ်ပဲ ဈေးနှုန်းဈေးကွက် မြေပဲ

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိကျေးရွာများမှ မိုးမြေပဲများလှိုင်လှိုင်ထွက်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် မြေပဲ(နီ)တောင့် တစ်တင်းလျှင်  ကျပ် (၂၅၀၀၀-၃၀၀၀၀)၊ မြေပဲ(ဖြူ)တောင့် တစ်တင်းလျှင်  ကျပ်(၂၂၀၀၀-၂၇၀၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ် (၇၈၀၀-၈၀၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ်(၇၃၀၀-၇၇၀၀) တို့ဖြင့် အရောင်းအဝယ် ဖြစ်ပြီး ဈေးကွက်အနေဖြင့် ဒေသတွင်း ဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် မြေပဲဆားလှော်လုပ်ငန်းများမှ  ဝယ်ယူကြကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များသို့ တင်ပို့ကြောင်း၊ မြေပဲအရည်အသွေးကောင်းမွန်မှုကြောင့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

         မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ ကျေးရွာများ၌ ဩဂုတ်လတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးပြီး အောက်တိုဘာလလယ်တွင် စတင်ခူးဆွတ်ကြကြောင်း သိရသည်။ အောက်တိုဘာလ (စတုတ္ထပတ်)တွင် ပဲတီစိမ်း တစ်တင်းလျှင် ငွေကျပ် ၇၅၀၀၀-၇၇၀၀၀ ပေါက်ဈေးရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့နှင့် မကွေးမြို့သို့ သွားရောက်ရောင်းချပြီး ထိုမှတစ်ဆင့်  ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချကြောင်း၊ ယခုရာသီတွင် မိုးရွာသွန်းမှု များပြားခြင်းကြောင့် သီးနှံအထွက်နှုန်း လျော့နည်း သော်လည်း ပဲစဉ်းငုံသီးနှံကို သီးညှပ်အဖြစ် စိုက်ပျိုးကြသည့်အတွက် တောင်သူများအနေဖြင့် အဆင်ပြေ လျက်ရှိပါကြောင်း သိရှိရပါသည်။

          မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ အောက်တို ဘာလ(စတုတ္ထပတ်)တွင် ကုလားပဲဝါ(929) တစ်တင်းလျှင် ငွေကျပ် (၉၉၀၀၀)၊ ကုလားပဲဝါ(HL) တစ်တင်းလျှင်  ငွေကျပ်(၉၇၀၀၀)၊ ကုလားပဲဝါသေး တစ်တင်းလျှင် ငွေကျပ်(၉၂၀၀၀) ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များသို့ တင်ပို့ လျက်ရှိကြောင်းနှင့် ပြည်ပပို့ကုန်အဖြစ် တရုတ်၊ အိန္ဒိယနိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။

          မကွေးခရိုင်၊ မကွေးမြို့နယ်၊ ကရင်ကျေးရွာတွင် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံသီးနှံတို့ကို စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲ(ဆောင်း)သီးနှံကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီ လတွင် ရိတ်သိမ်းကြကြောင်းသိရသည်။ ဈေးနှုန်းအနေဖြင့်  အောက်တိုဘာလ (စတုတ္ထပတ်)တွင် ထောပတ်ပဲ(ဖြူ) တစ်တင်းလျှင် ငွေကျပ် ၁၁၂၀၀၀-၁၃၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးကွက်အနေဖြင့် ဒေသတွင်း ပွဲရုံများနှင့် ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များမှ ဝယ်ယူကြကြောင်း၊ ထို့အပြင် ပွဲရုံများမှတဆင့်  ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊  ယခုအချိန်တွင် ထောပတ်ပဲသီးနှံများ ဖူးပွင့် ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိသောကြောင့် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်ပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)