ဂန္ဓမာပန်းတွင် မျိုးကွဲပေါင်းများစွာရှိပြီး ပန်းမျိုးများအား အပွင့်၏ပုံစံ၊ အရောင်၊ အရွယ်အစားပေါ်မူတည်၍ အမည်အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။ ဂန္ဓမာပန်းမျိုးကွဲများစွာ အနက်မှ ကြွေဖြူ၊ ကြွေဝါ၊ ပုလဲဖြူမျိုးများကို ပြည်မြို့အတွင်းရှိ မှော်ဇာ၊ တောင်လုံးညိုရွာနှင့် ရွှေတောင်မြို့နယ်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ထွက်ရှိလာသော ဂန္ဓမာပန်းများကို ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ ၂၀၂၄ခုနှစ် စက်တင်ဘာလကုန်တွင် ဂန္ဓမာပန်း (၁၀)ပွင့်စည်း တစ်စည်းလျှင် ၃၅၀၀-၃၀၀၀-၂၀၀၀ကျပ်နှုန်းဖြင့် ပန်းပင်အမျိုးအစား အပွင့်အရွယ်အစားပေါ် မူတည်၍ ရောင်းချကြပါသည်။ ပြည်မြို့နှင့် ရွှေတောင်မြို့နယ်များမှ ထွက်ရှိသော ဂန္ဓမာပန်းများ ရန်ကုန်မြို့ရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)