မန္တလေးမြို့အတွင်းသို့ အနယ်နယ်အရပ်ရပ်မှ ပြောင်းဖူးများဝင်ရောက်လျက်ရှိ

Powered by Drupal

မန္တလေးမြို့အတွင်းသို့ အောက်တိုဘာလအတွင်း ပြောင်းဖူးထွက်ရှိရာဒေသများဖြစ်ကြသည့် ပြင်ဦးလွင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်တွင် စဉ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်နှင့် မုံရွာဘက်မှ ပြောင်းဖူးများသည် မန္တလေးမြို့အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ပြောင်းဖူးများကို (၆)ဘီးကားများဖြင့် တစ်နေ့လျှင် (၃)စီးမှ (၅)စီးအထိ ပွဲရုံများသို့ ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများမှတစ်ဆင့် ဈေးများသို့ လက်လီရောင်းချကြောင်းသိရသည်။ လူကြိုက်များသော သကြားပြောင်းနှင့် ရှမ်းပြောင်းတို့မှာ ပို၍ရောင်းအားကောင်းကြောင်း ပွဲရုံများမှသိရှိရသည်။ ပြုတ်၍ရောင်းချသည့် ပြောင်းဖူးသည်များမှာ ပြောင်းဖူးများကို အိတ်လိုက်ဝယ်ယူ၍ ရောင်းချကြပြီး တချို့မှာ ပြောင်းဖူးစိမ်းကိုမူ အကြော်စုံများနှင့် အိမ်များတွင် ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်ကြကြောင်း သိရသည်။ ပိုလျှံလာသည့်ပြောင်းဖူးများကို အစေ့ထုတ်၍ ပြောင်းဖူးပေါက်ပေါက်နှင့် ပြောင်းဖူးအစေ့ပြုတ်တို့ကို သားရေစာအဖြစ် ရောင်းချကြကြောင်းသိရသည်။ တစ်ဆင့်ရောင်းချသူများသည် တစ်ဖူးလျှင် (၇၀၀) ကျပ်မှ (၃)ဖူးလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချကြပြီး ပြောင်းဖူး အဖူး(၁၀၀)လျှင် အရွယ်အစားအလိုက် ၅၀၀၀၀ကျပ်မှ ၆၀၀၀၀ကျပ်အထိရောင်းချကြကြောင်းသိရသည်။ ယခုနှစ်သည် ယခင်နှစ်ထက် ဈေးပိုရရှိကြောင်းသိရပြီး ပြောင်းဖူးစေ့များကိုမူ ပြည်ပသို့တင်ပို့ရောင်းချပြီး တချို့ကို တိရိစ္ဆာန်အစားအစာများအဖြစ်ရောင်းချကြောင်း စိုက်ပျိုးရောင်းချသူထံမှသိရှိရပါသည်။
DOCA(မန္တလေး)