ပြည်ခရိုင်ရှိ ဆီထွက်သီးနှံများ ယခင်နှစ်နှင့် ယခုနှစ်ဈေးနှုန်းနှိုင်းယှဉ်ခြင်း

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံများဖြစ်ကြသော နှမ်းနှင့်မြေပဲသီးနှံများအား ယခင်နှစ်နှင့် ယခုနှစ်ကာလတူဈေးနှုန်းနှိုင်းယှဉ်မှုအား လေ့လာသုံးသပ်ကြည့်ရာတွင်-

နှမ်းမျိုးစုံဈေးနှုန်း

နှမ်းနီ

      ပြည်ဈေးကွက်တွင် ယခုနှစ်ဖြစ်သော အောက်တိုဘာလ နောက်ဆုံးပတ်တွင် နှမ်းနီဈေးမှာ တစ်တင်းလျှင် ၁၁၆၀၀၀ကျပ်ဈေးဖြင့်အရောင်းအဝယ်ရှိပါသည်။ ယခင်နှစ်ဖြစ်သော အောက်တိုဘာလ နောက်ဆုံးပတ်တွင် နှမ်းနီတစ်တင်းလျှင် ၉၅၀၀၀ကျပ်ဈေးဖြင့်ရောင်းချခဲ့၍ ယခုနှစ်တွင် တစ်တင်းလျှင် ၂၁၀၀၀ကျပ်ဈေးမြင့်တက်လာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခုအပတ်တွင် ပိဿာ(၃၀)ဝင်အိတ် ၂၀၀ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

နှမ်းနက်

         ပြည်ဈေးကွက်တွင် ယခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်တွင် နှမ်းနက်(၁)တင်းလျှင် ၁၆၅၀၀၀ကျပ်ဈေးဖြစ်ပြီး ယခင်နှစ်အောက်တိုဘာလ နောက်ဆုံးပတ်တွင် ၉၀၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုနှစ်တွင် တစ်တင်းလျှင် ၇၅၀၀၀ကျပ်ဈေးပိုလာခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ ယခုအပတ်တွင် အရောင်းအဝယ်ပါး၍ အိတ်(၁၀၀)ခန့်သာ အရောင်းအဝယ်ဖြစ်ပါသည်။

စမုံနက်နှမ်း

        ပြည်ဈေးကွက်တွင် ယခုအပတ်၌ နှမ်းဝင်ရောက်မှုနည်းပါးသွားသည်သည်ကိုတွေ့ရပြီး အောက်တိုဘာလ နောက်ဆုံးပတ်တွင် ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ၁၉၀၀၀၀-၂၀၀၀၀၀ ကျပ်ဖြင့် ဈေးအမြင့်ဆုံးသို့ရောက်ရှိလာပါသည်။ ယခင်နှစ်တွင် စမုံနက်နှမ်းဈေးမှာ တစ်တင်းလျှင် ၁၀၀၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုနှစ်တွင် စမုံနက်နှမ်းဈေးမှာ တစ်တင်းလျှင် ၉၀၀၀၀-၁၀၀၀၀၀ ကျပ်ခန့်ဈေးမြင့်လာခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ ယခုအပတ်တွင် အိတ် ၅၀/၁၀၀ ခန့် ယခင်လှောင်နှမ်းလက်ကျန်များဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

မြေပဲဆန်ဈေးနှုန်းများ

လုံးဆန်(အဖြူ)

        ပြည်မြို့ရှိ ပွဲရုံများဈေးကွက်များတွင် မြေပဲဆန် လုံးဆန်(အဖြူ)ဈေးများမှာ ယခုအောက်တိုဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၇၄၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်နှစ် အောက်တိုဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာကို ၅၆၀၀ကျပ်ဖြင့်ရောင်းချခဲ့၍ ယခုနှစ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်ဈေးမြင့်တက်လာခဲ့ပါသည်။

လုံးဆန်(အနီ)

        ပြည်မြို့ရှိ ဈေးကွက်များတွင် မြေပဲဆန်လုံးဆန် (အနီ)များကို ပဲကြော်ဖိုသမားများက ဝယ်ယူမှုရှိ၍ ယခုအောက်တိုဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၇၄၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိ၍ ယခင်နှစ် ယခုကဲ့သို့သောအချိန်တွင် တစ်ပိဿာလျှင် ၅၄၀၀ကျပ်ဖြင့်ရောင်းချခဲ့၍ ယခုနှစ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်ခန့်ဈေးပိုလာခဲ့ပါသည်။

ဆီကြိတ်မြေပဲဆန်(အဖြူ)

         မြေပဲဆန် ဆီကြိတ်ဆန်(အဖြူ)ဈေးများမှာ ယခုအောက်တိုဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၆၈၀၀ကျပ်ဖြင့် ဆီစက်သမားများက ဝယ်ယူမှုရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နှစ် ယခုကဲ့သို့သောအချိန်တွင် တစ်ပိဿာလျှင် ၅၂၀၀ကျပ်ဖြင့်ရောင်းချခဲ့၍ ယခုနှစ်တွင် တစ်ပိဿာလျှင် ၁၆၀၀ကျပ်ဈေးပိုခဲ့ပြီး နေ့စဉ်ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ဆီကြိတ်မြေပဲဆန်(အနီ)

        ပြည်ဈေးကွက်တွင် ယခုအောက်တိုဘာလ နောက်ဆုံးပတ်တွင် ဆီကြိတ်မြေပဲဆန် (အနီ) တစ်ပိဿာလျှင် ၆၈၀၀ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး ယခင်နှစ် ယခုကဲ့သို့သောအချိန်တွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုနှစ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်ဈေးပိုလာခဲ့ပါသည်။

        ထို့ကြောင့် ပြည်ဈေးကွက်ရှိ ဆီထွက်သီးနှံများမှာ ယခင်နှစ်နှင့် ယခုနှစ်ကာလတူအချိန်နှိုင်းယှဉ်မှုမှာ ယခုနှစ်တွင် ဈေးများပိုလာကြောင်းသိရပါသည်။ ထိုသို့ ဈေးများမြင့်တက်လာရခြင်းမှာ သီးနှံများဝင်ရောက်မှုနည်းခြင်း၊ သီးနှံများထွက်ပေါ်ချိန်တွင် ရေကြီး၊ ရေလျှံမှုများဖြစ်၍ အထွက်နှုန်းနည်းခြင်းတို့ကြောင့် ဝယ်လိုအားကောင်းသော်လည်း ရောင်းလိုအားနည်းသဖြင့် သီးနှံဈေးများမြင့်တက်လာရခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)