ထန်းသီးမှထွက်လာသော အစို့ကို ထန်းမြစ်(ထန်းပင်မြစ်)ကို မီးဖုတ်၍လည်းကောင်း၊ ပြုတ်၍လည်းကောင်း၊ ကြော်၍လည်းကောင်း စားသုံးလေ့ရှိကြပါသည်။ ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ ပုတီးကုန်း၊ ပေါင်းတလည်ကျေးရွာများတွင် ၎င်းကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ပြည်မြို့၊ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများသို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။ အဆိုပါ ထန်းမြစ်စိုက်ပျိုးရန်အတွက် ထန်းသီးအစေ့ရင့်များကို ဝါဆိုလနှင့် ဝါခေါင်လတို့တွင် မြေကျင်းများတူး၍ မြှပ်ပြီး စိုက်ပျိုးကာ တန်ဆောင်မုန်းလဆန်းပိုင်းတွင် ထန်းပင်မြစ်များတူးဖော်ရောင်းချကြပါသည်။ ယခုအချိန်တွင် ထန်းပင်မြစ်များစတင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ ထန်းပင်မြစ်(၁၀)ချောင်းပါ တစ်စည်းလျှင် (၂၀၀၀)ကျပ်၊ (၂၅၀၀)ကျပ်တို့ဖြင့် ဈေးကောင်းရလျက် ရောင်းချနေကြောင်းသိရပါသည်။
DOCA(ပဲခူး)