ရိုးပြတ်မီးရှို့သော စိုက်ခင်းများထံမှ သီးနှံဝယ်ယူခြင်းမပြုသည့် အစီအစဉ်၌ ထိုင်းလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်မည်

Powered by Drupal

   သီးနှံရိတ်သိမ်းပြီးချိန်တွင် ရိုးပြတ်မီးရှို့မှုပြုလေ့ရှိသည့် စိုက်ခင်းများထံမှ ပြောင်းသီးနှံကို ဝယ်ယူမှု မပြုခြင်းဖြင့် PM2.5 အဆင့် ဖုန်မှုန့်များကြောင့် လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်း မည့် အစိုးရ၏အစီအစဉ်များ၌ ပူးပေါင်းဆောင်ရွက်ရန် ထိုင်းနိုင်ငံရှိ တိရစ္ဆာန်အစာနှင့် မွေးမြူရေး လုပ်ငန်းနယ်ပယ်မှ လုပ်ငန်းရှင်များက သဘောတူညီခဲ့ကြသည်။

    ထိုင်းနိုင်ငံတွင်ဖြစ်စေ သို့မဟုတ် အိမ်နီးချင်းနိုင်ငံများတွင်ဖြစ်စေ လယ်ယာမီးရှို့ပြီး စိုက်ပျိုးထုတ်လုပ်ထားသည့် သီးနှံများကို ဝယ်ယူခြင်း ပြုမည်မဟုတ်ကြောင်းနှင့် သင့်လျော်သည့် ဖြေရှင်းနည်းများအား ဆွေးနွေးရန်အတွက် ၀န်ကြီးချုပ်နှင့် တွေ့ဆုံရန် ဆန္ဒရှိကြောင်း ထိုင်း တိရစ္ဆာန်မွေးမြူရေးအစားအစာ ကြိတ်ခွဲထုတ်လုပ်သည့်အသင်း (TFMA) ၏ ဥက္ကဋ္ဌ Pornsilp Patcharintanakul က ၃၁-၁၀-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

   တိရစ္ဆာန်အစာအတွက် ပြောင်းအလုံအလောက်ရရှိရေး အစီအမံများအား အစိုးရဘက်မှ ဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ မွေးမြူရေးလုပ်ငန်းများမှ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ အနေဖြင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံသည် နှစ်စဉ် ပြောင်းတန်ချိန် ၄ သန်းခန့် ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်ကို Pornsilp က ထောက်ပြခဲ့ပြီး ဝေးလံသော ပင်ရင်းနိုင်ငံများမှ ပြောင်းသီးနှံများ တင်သွင်းနိုင်ရေး အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မူဘောင်အရ တားမြစ်ချက်များကို ဖယ်ရှားပေးရန် အစိုးရထံသို့ တောင်းဆိုခဲ့ကြောင်း၊ အဆိုပါတားမြစ်ချက်များကို ဖယ်ရှားပေးနိုင်မည်ဆိုပါက ထိုင်း နိုင်ငံအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း သိရှိ ရသည်။

     မီးရှို့သည့်စိုက်ခင်းများမှ စိုက်ပျိုးထားသည့်ပြောင်းကို ဝယ်ယူခြင်းမပြုပါက ပြောင်းတန် ချိန် ၂ သန်းအထိ ပြတ်လပ်မှုကို ၎င်းတို့အနေဖြင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ၎င်းပမာဏအနက် တန်ချိန် ၀.၅ သန်းသည် ပြည်တွင်းရှိ စိုက်ပျိုးသူများထံမှဖြစ်ပြီး ကျန်တန်ချိန် ၁.၅ သန်းသည် အိမ်နီးချင်းနိုင်ငံများရှိ စိုက်ပျိုးသူများထံမှဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွက် ဘဏ္ဍာငွေ ဘတ် ၂၀၀ ဘီလီယံကျော် ရရှိသည့် မွေးမြူရေးလုပ်ငန်းများအပေါ် ထိခိုက်မှုကို တားဆီးရန်အတွက် အစီအမံ များကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း Pornsilp က ပြောကြားခဲ့သည်။

    လေထုရွေ့လျားမှုမရှိပဲ ရပ်တန့်နေခြင်းကြောင့် အအေးပိုင်းရာသီကာလတွင် မြင့်တက် လေ့ရှိသည့် လေထုညစ်ညမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သက်ဆိုင်ရာ အဖွဲ့ အစည်းများသို့ ညွှန်ကြားထားပြီးဖြစ်သည်ဟု ထိုင်း၀န်ကြီးချုပ် Paetongtarn Shinawatra က ၃၁-၁၀-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

    စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်သည့် ပြဿနာများကို ထိုင်းဝန်ကြီးချုပ်မှ အလေးပေး ပြော ကြားခဲ့ပြီး PM2.5 အဆင့် လေထုညစ်ညမ်းမှုကို ထိန်းချုပ်နိုင်ရန် မီးရှို့သည့်စိုက်ခင်းများမှ စိုက်ပျိုး ထားသော ကောက်ပဲသီးနှံများအား ဝယ်ယူမှု တားမြစ်ရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးဝန်ကြီးဌာန နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ PM2.5 သည် အချင်း ၂.၅ မိုက်ခရိုမီတာ သို့မဟုတ် ၎င်းပမာဏ ထက် အရွယ်အစားသေးငယ်သော ဖုန်မှုန့်များကို ရည်ညွှန်းခြင်းဖြစ်ပြီး အဆိုပါဖုန်မှုန့်များနှင့် အချိန်ကာလကြာရှည်စွာ ထိတွေ့မှုသည် အဆုတ်နှင့် နှလုံးပြဿနာများ အပါအဝင် နာတာရှည် ရောဂါများနှင့် ဆက်စပ်မှုရှိနေကြောင်း သိရှိရသည်။

   PM2.5 ၏ အဓိက အရင်းအမြစ် ၃ ခုမှာ စက်မှုလုပ်ငန်းဆိုင်ရာစက်ရုံများ၊ ယာဉ်များမှ ဓာတ်ငွေ့ထုတ်လွှတ်ခြင်းများနှင့် လဟာပြင်၌ မီးလောင်ကျွမ်းခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ တောမီး လောင်ခြင်းကဲ့သို့ သဘာဝအလျောက်ဖြစ်ပေါ်မှု သို့မဟုတ် သီးနှံရာသီအသစ်အတွက် စိုက်ပျိုးရာတွင် လယ်ကွင်းများကို ပြင်ဆင်ရာ၌ ငွေကုန်ကြေးကျသက်သာသောနည်းလမ်းအဖြစ် သတ်မှတ်ကြသည့် သီးနှံရိတ်သိမ်းပြီး အကြွင်းအကျန်များကို မီးရှို့ခြင်းကဲ့သို့ လူသားများမှ ပြုလုပ်သည့် အချက်များကြောင့် လဟာပြင်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: The Nation Thailand, 1 November, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)