အင်ဒိုနီးရှားနိုင်ငံ၌ စွမ်းအင်ဖူလုံမှုရရှိရန်အတွက် ၁၀၀ ရာခိုင်နှုန်းပြည့် ဇီဝဒီဇယ်ဆီ (B100) အထိ သုံးစွဲဆောင်ရွက်မည့်အစီအစဉ်အား ဖော်ဆောင်နိုင်ရေး အစိုးရက ကြိုးပမ်းလျက်ရှိကြောင်း စွမ်းအင်နှင့် သတ္တုအရင်းအမြစ် ဝန်ကြီး Mr. Lahadalia ၏ ပြောကြားချက်ကို ကိုးကားလျက် အင်ဒိုနီးရှား Antara News သတင်းဌာနက ၃-၁၁-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။
၁၀၀ ရာခိုင်နှုန်းပြည့် ဇီဝဒီဇယ်ဆီ (B100) ကို ဖော်ဆောင်မည့်အစီအမံအား ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး တဖြည်းဖြည်းနှင့် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ တိုးတက်မှုကို အချိန်နှင့် အမျှ အစီရင်ခံသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား၊ စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီးက နိုဝင် ဘာလ (၃) ရက်နေ့တွင် ကျင်းပသည့်ညီလာခံတစ်ခု၌ ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အင်ဒိုနီးရှား၌ ဇီဝဒီဇယ်ဆီ ၃၅ ရာခိုင်နှုန်း (B35) အစီအစဉ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်အကောင်အထည်ဖော်လျက်ရှိပြီး စားအုန်းဆီမှ ထုတ်ယူ ရရှိသော ဖက်တီးအက်ဆစ် မီသိုင်းအက်စတာ ၃၅ ရာခိုင်နှုန်းနှင့် ရုပ်ကြွင်းဒီဇယ်ဆီ ၆၅ ရာခိုင်နှုန်းတို့ကို ရောစပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှား အစိုးရအနေဖြင့် အဆင့်မြင့် ဇီဝဒီဇယ်ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင် ရေး ကြိုးပမ်းလျက်ရှိရာ စားအုန်းဆီ အချိုးအစား ၄၀ ရာခိုင်နှုန်းအထိ ပါဝင်သည့် B40 အစီအစဉ် ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အင်ဒိုနီးရှား၊ စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီးက အတည်ပြုပြောကြားခဲ့သည်။
အဆိုပါညီလာခံတွင် စွမ်းအင်အသစ်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စွမ်းအင်ထိန်းသိမ်း ရေးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Eniya Listiani Dewi က လာမည့် ၂၀၂၅ ခုနှစ်တွင် ဇီဝဒီဇယ် (B40) ကို အကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ မရှိမဖြစ်လိုအပ်သော ဇီဝစွမ်းအင် ထုတ်ကုန်များကို ချောမွေ့စွာထုတ်လုပ်နိုင်မှု သေချာစေရန်အတွက် ဆိပ်ကမ်းများ၊ သင်္ဘောနှင့် သယ်ယူပို့ဆောင်ရေးအပါအဝင် လိုအပ်သည့်အခြေခံအဆောက်အအုံအမျိုးမျိုးကို အစိုးရက ပြင်ဆင်နေကြောင်း၊ အဆိုပါပြင်ဆင်မှုများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အပြီးသတ်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့ည်။
အင်ဒိုနီးရှား အစိုးရအနေဖြင့် ဇီဝဒီဇယ် (B40) အပြင် B50 အစီအစဉ်ကိုပါ အကောင်အထည်ဖော်ရန်အတွက် ဖြစ်နိုင်စွမ်းဆန်းစစ်လေ့လာခြင်းကို ဆောင်ရွက်နေကြောင်း၊ B50 ကို အသုံးပြု၍ အင်ဂျင်စွမ်းဆောင်ရည်ဆိုင်ရာ နည်းပညာလေ့လာမှုကို ပြုလုပ်ပြီးဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် Ms. Eniya က မှတ်ချက်ပြုပြောကြားခဲ့သည်။ ဇီဝဒီဇယ်စမ်းသပ်မှု(B50)ကို ကာလီမန်တန် တောင်ပိုင်းဒေသ (South Kalimantan)တွင် ပြုလုပ်ခဲ့သည်ဟု အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Mr. Andi Amran Sulaiman က ပြောကြားကြောင်း သတင်းရရှိပါသည်။
Source: Antara News, November 3, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)