ထိုင်းနိုင်ငံ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တောင်သူများသို့ ကူညီပံ့ပိုးပေးရန်အတွက် အထောက်အကူပြုမည့် စီမံဆောင်ရွက်မှုများကို အမျိုးသား ဆန်စပါးမူဝါဒ ကော်မတီ (NRPC) ထံ အဆိုပြုတင်ပြရန် စီစဉ်မှုနှင့်အတူ စပါးရာသီအသစ်မှ ရိတ်သိမ်းထွက်ရှိသည့် ဟုန်မာလီ (Hom Mali) စပါးများ၏ ရောင်းဝယ်မှုအခြေအနေကို စောင့်ကြည့်ကြပ်မတ်လျက်ရှိကြောင်း သိရသည်။
လယ်သမားများ၏ စပါးရောင်းချရသည့်ဈေးနှုန်းသည် သတ်မှတ်ဈေးနှုန်းများထက် နိမ့်ကျခြင်းမရှိစေရေး ခိုင်မာသေချာစေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan သည် တောင်သူလယ်သမားများအား ကြည့်ရှုစောင့်ရှောက်မည့် မူဝါဒတစ်ရပ်ကို ချမှတ်ထားသည်ဟု အဆိုပါဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wittayakorn Maneenetr က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံရှိ အထင်ကရ ဟုန်မာလီဆန် အမျိုးအစားဖြစ်သော Thung Kula Rong Hai ဆန်၏ ပင်ရင်းဒေသဖြစ်သည့် Roi Et ခရိုင်ရှိ Kasetwisai စိုက်ပျိုးရေးသမဝါယမလီမိတက်သို့ သွားရောက်လေ့လာခဲ့ပြီးနောက် ယင်းဒေသရှိလယ်သမားများသည် KB 15 အမျိုးအစား ဟုန်မာလီစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Mr. Wittayakorn ၏ ပြောကြားချက်အရ အစိုဓာတ် ၁၅ ရာခိုင်နှုန်းရှိသည့် ဟုန်မာလီစပါး၏ စျေးကွက်ပေါက်ဈေးမှာ တစ်တန်လျှင် ဘတ် ၁၄၈၀၀ မှ ၁၅၀၀၀ ခန့်ရှိကြောင်း၊ သို့သော် လယ်ကွင်းမှ ရိတ်သိမ်းပြီးစ စပါးများ၏ အစိုဓာတ်ပါဝင်မှုမှာ ပုံမှန်အားဖြင့် ၂၅ ရာခိုင်နှုန်းအထိ ရှိသဖြင့် ၎င်းစပါးများ၏ ရောင်းဈေးသည် တစ်တန်လျှင် ဘတ် ၁၂၀၀၀ မှ ၁၂၅၀၀ ၀န်းကျင်ခန့်သာရရှိကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော စပါးဈေးနှုန်းမှာ တစ်တန်လျှင် ဘတ် ၁၁၀၀၀ သာရှိသဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် လျော့နည်းနေသည်ဟု ယူဆထားကြောင်း သိရပါသည်။
ထို့ကြောင့် အစိုဓာတ် ၂၅ ရာခိုင်နှုန်းပါဝင်မှုရှိသော ဟုန်မာလီစပါးများအား လတ်တလော ရောင်းချခြင်းမပြုပဲ ၅ လတာ ကာလအထိ ဆိုင်းငံ့ထားနိုင်စေရေးအတွက် လယ်သမားများသို့ ချေးငွေများထုတ်ပေးခြင်းနှင့် ပိုမိုလိုလားဖွယ်ရှိသော ဈေးနှုန်းအဆင့်သို့ ရောက်ရှိချိန်တိုင်အောင် သမဝါယမအသင်းများက ဈေးကွက်အတွင်း ဝင်ရောက်လျက် စပါးများဝယ်ယူနိုင်စေရေး ချေးငွေ များ ထုတ်ပေးခြင်းတို့ အပါအဝင် အထောက်အကူပြုမည့် အစီအမံများအား အမျိုးသား ဆန်စပါး မူဝါဒကော်မတီသို့ နို၀င်ဘာလ ၈ ရက်နေ့၌ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးနှင့်သမဝါယမဘဏ်တို့ ပူးပေါင်း၍ အဆိုပြု တင်ပြမည်ဖြစ်သည်။
ဆန်စပါး အရည်အသွေးပြိုင်ဆိုင်မှုနှင့် စျေးကွက်ကွန်ရက်ချဲ့ထွင်မှု အပါအဝင်အမျိုးမျိုးသော လှုပ်ရှားမှုများမှတစ်ဆင့် ဟုန်မာလီဆန်ကို ဈေးကွက်မြှင့်တင်ရန်အတွက် Mr Wittayakorn သည် ကျေးလက်စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပါသည်။ လယ်သမားများအနေဖြင့် တရားမျှတမှုမရှိသော ရောင်းဝယ်မှုအလေ့အထများ သို့မဟုတ် စပါးဈေးနှုန်း အလွန်နှိမ့်ချမှုများနှင့်ပတ်သက်၍ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန၏ တိုင်ကြားမှုလက်ခံရေး တယ်လီဖုန်းအမှတ် ၁၅၆၉ သို့မဟုတ် ပြည်နယ်ကူးသန်းရောင်းဝယ်ရေးရုံးများသို့ တိုင်ကြား နိုင်ကြောင်း Mr Wittayakorn က ပြောကြားခဲ့သည်။
ထိုင်းပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနသည် လယ်သမားများအတွက် မျှတသောဈေးနှုန်း ရရှိစေရန် စပါးဈေးနှုန်းကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ ၂၀၂၄-၂၅ စပါးစိုက်ပျိုးရေးနှစ်တွင် ပင်မသီးနှံရာသီနှင့် ဒုတိယသီးနှံရာသီ နှစ်ရပ်ပေါင်းအတွက် စုစုပေါင်း စပါးတန်ချိန် ၃၄ သန်းရှိခဲ့ပြီး ၂၀၂၃-၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။
Source: Bangkok Post, 5 Nov 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)