ဈေးနှုန်းထိန်းသိမ်းနိုင်ရေးအတွက် ဆန်တင်သွင်းမှုမြှင့်တင်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရ ကြိုးပမ်း

Powered by Drupal

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ အရန်ဆန်ဖြည့်တင်းနိုင်ရေးနှင့် လူမှုဖူလုံရေးအစီအစဉ်များအောက်၌ ဆန်ဖြန့်ဖြူးပေးမှု ခိုင်မာစေခြင်းဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရေးတို့အတွက် နိုင်ငံတကာဈေးကွက်မှ ဆန်များ ဝယ်ယူတင်သွင်းရန် ကြိုးပမ်းအားထုတ်မှုကို အစိုးရက အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း The Daily Star သတင်းဌာနက ဖော်ပြပါသည်။

    စားနပ်ရိက္ခာ ညွှန်ကြားမှုဦးစီးဌာနသည် အောက်တိုဘာ ၁၇ ရက်နေ့ နောက်ပိုင်း၌ ဆန်တန်ချိန် ၁ သိန်းဝယ်ယူရန်အတွက် နိုင်ငံတကာအဝယ်တင်ဒါ ၂ ကြိမ်ခေါ်ယူခဲ့ပြီးဖြစ်သည်။ ထို့ အပြင် လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ဂျုံတန်ချိန် ၁ သိန်း ပေးသွင်းရန်အတွက် အဝယ်တင်ဒါများကိုလည်း ခေါ်ယူခဲ့ပြီးဖြစ်သည်။

     အဆိုပါဌာနမှ အမည်ဖော်ပြလိုခြင်းမရှိသော အဆင့်မြင့်အရာရှိတစ်ဦးက ၎င်းတို့အနေဖြင့် အရန်ဆန် ဖြည့်တင်းနိုင်ရေးအတွက် ဝယ်ယူရေးလုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်ခဲ့ပြီးဖြစ် ကြောင်း၊ အစိုးရသည် ပြည်တွင်းနှင့် ပြည်ပဈေးကွက်နှစ်ရပ်လုံးမှ ဆန်များကို ဝယ်ယူမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အရန်စားနပ်ရိက္ခာ သိုလှောင်ထားရှိမှုမှာ နိုဝင်ဘာ ၄ ရက်နေ့၌ ဆန်တန်ချိန် ၉.၀၆ သိန်းအပါအဝင် စုစုပေါင်းတန်ချိန် ၁၃.၅၈ သိန်းရှိသည်။ ပုဂ္ဂလိကဆန်စက်များ နှင့် ကုန်သည်များက လွှမ်းမိုးထားသော ဆန်ဈေးနှုန်းများကို လျှော့ချဖြတ်တောက်နိုင်ရေးအတွက် ဈေးကွက်အတွင်း ဝင်ရောက်ထိန်းကျောင်းမှုလုပ်ဆောင်ရာ၌ အစိုးရ၏ လက်ရှိ အရန်ဆန်ပမာဏသည် ကျွမ်းကျင်သူများက အကြံပြုထားသည့် အရန်ထားရှိသင့်သော ဆန်တန်ချိန် ၁၀.၅ သိန်း အောက်သို့ လျော့နည်းလျက်ရှိသည်။

   ဒါကာမြို့တော်၌ ဆန်လက်လီအရောင်းဈေးနှုန်းများသည် လွန်ခဲ့သော တစ်လတာအတွင်း မြင့်တက်လာခဲ့ပြီး ဈေးအသက်သာဆုံးဖြစ်သော ဆန်ကြမ်းဈေးနှုန်းသည်ပင် ၂ ရာခိုင်နှုန်းခန့် မြင့် တက်လျက် ၁ ကီလိုဂရမ်လျှင် ၅၃.၅ တာကာနှုန်းသို့ ရောက်ရှိခဲ့သည်။ အလယ်အလတ်အဆင့် အရည်အသွေးရှိသော ဆန်များ၏ လက်လီရောင်းဈေးမှာ ထိုထက်ပိုမိုလျက် ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ နိုဝင်ဘာ ၅ ရက်နေ့ရှိ ဆန်အမျိုးအစားအားလုံး၏ ဈေးနှုန်းများသည် ယခင်နှစ် ကာလတူထက် ၁၅ ရာခိုင်နှုန်းခန့် ပိုမိုလာကြောင်း နိုင်ငံပိုင် ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေး ကော်ပိုရေးရှင်းက ဖော်ပြထားသည်။

    ထိုသို့ မြင့်တက်လာသော ဆန်ဈေးနှုန်းများကို ထိန်းသိမ်းနိုင်ရန်နှင့် ဈေးကွက်အတွင်း ရောင်းလိုအားကို မြှင့်တင်နိုင်ရန်အတွက် နိုဝင်ဘာ ပထမပတ်အစောပိုင်းတွင် စားနပ်ရိက္ခာဝန်ကြီး ဌာနသည် နိုဝင်ဘာ ၁၄ ရက်နေ့အတွင်း ဆန်တင်သွင်းမည့် အဆိုပြုလွှာများကို လျှောက်ထားရန် ပုဂ္ဂလိကကုန်သည်များသို့ ပြောကြားခဲ့သည်။ ထိုသို့လုပ်ဆောင်မှုမှာ အမျိုးသား အခွန်ကြီးကြပ်မှု ဘုတ်အဖွဲ့က ဆန်တင်သွင်းမှုအပေါ် စည်းကြပ်သော အခွန်များအားလုံးကို ဖယ်ရှားပေးခဲ့အပြီး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိကာလတွင် ဆန်တင်သွင်းမှုအတွက် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင် နှုန်းကိုသာ စည်းကြပ်ကောက်ခံမည်ဖြစ်သည်။

     စားနပ်ရိက္ခာဝန်ကြီးဌာနသည် အောက်တိုဘာလကုန်ပိုင်း၌ ဆန်တန်ချိန် ၁၁ သိန်းအထိ တင်သွင်းခွင့်ပြုရန် အစိုးရအကြီးအကဲများထံ တင်ပြခဲ့သည်။ လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်သူ့စားနပ်ရိက္ခာဖြန့်ဖြူးရေး အစီအစဉ်၏ လျာထားချက်ဖြစ်သော ဆန်တန်ချိန် သိန်း ၃၀ ကို ပြည့်မီအောင် အရန်ထားရှိမှု ခိုင်မာရေးအတွက် ထိုကဲ့သို့ တင်ပြခြင်းဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ၎င်းပမာဏအနက် ဆန်တန်ချိန် ၂၄ သိန်းအား အမျိုးမျိုးသော လူမှု ဖူလုံရေး အစီအစဉ်များအောက်၌ ဖြန့်ဖြူးမည်ဖြစ်သည်။

    လက်ရှိဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လျာထားချက်မှာ ဆန်တန်ချိန် ၃.၅ သိန်းကိုသာ ဝယ် ယူနိုင်စွမ်းရှိသော်လည်း အစောပိုင်းကာလတွင် အစိုးရ စီးပွားရေးရာ အတိုင်ပင်ခံများ ကော်မတီက ဆန်တန်ချိန် ၅ သိန်းအထိ တင်သွင်းရန် ဆုံးဖြတ်ချက်ချမှတ်ထားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပမှ ဆန်တင်သွင်းရခြင်း မရှိခဲ့ သည့်အပြင် လက်ရှိဘဏ္ဍာနှစ် ဇူလိုင် ၁ ရက်မှ နိုဝင်ဘာ ၄ ရက်နေ့အထိ ကာလတွင်လည်း အစိုးရ နှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံးမှ ဆန်တင်သွင်းထားမှု မရှိခဲ့ကြောင်း သိရသည်။

   ယခုအခါ ဘင်္ဂလားဒေ့ရှ် လယ်သမားများသည် မိုးသီးနှံရာသီမှ စပါးများကို စတင်ရိတ်သိမ်း နေပြီဖြစ်ပြီး ရိတ်သိမ်းကာလကုန်ဆုံးချိန်၌ ယခုနှစ် ဩဂုတ်လနှင့် အောက်တိုဘာလအတွင်း နိုင်ငံ ၏ အရှေ့ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ‌ရေကြီးမှုများကြောင့် ဆန်စပါးမည်မျှထိခိုက် ဆုံးရှုံးမှုရှိသည်ကို ရှင်းလင်းစွာ သိရှိနိုင်မည်ဖြစ်သည်။

    ၎င်းအချိန်ကာလနောက်ပိုင်း၌ ဆန်မည်မျှ တင်သွင်းရန် လိုအပ်မည်ကို တွက်ချက်ရရှိမည် ဖြစ်ကြောင်း၊ သို့ရာတွင် အစိုးရအနေဖြင့် ဆန်တင်သွင်းရန် ကြိုးပမ်းမှုကို ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း၊ အစိုးရချင်း သဘောတူညီမှုအစီအစဉ်များဖြင့် အိန္ဒိယ၊ ဗီယက်နမ်နှင့် မြန်မာတို့မှ ဆန်များတင်သွင်းနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း၊ မိုးသီးနှံရာသီမှ စပါးများ ဈေးကွက်သို့ စတင် ဝင်ရောက်လာပြီဖြစ်ပြီး မကြာမီ ရက်သတ္တပတ်များအတွင်း ဆန်ဈေးနှုန်းများ ကျဆင်းလာဖွယ်ရှိ ကြောင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယ၌ ယခုနှစ် မိုးသီးနှံရာသီ၌ စပါးပိုမိုထွက်ရှိနိုင်မှုမှာ သတင်းကောင်းတစ်ရပ်ပင်ဖြစ်ကြောင်းဖြင့် စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာနမှ အထက်ဖော်ပြပါ အဆင့်မြင့်အရာရှိက ပြောကြားခဲ့သည်။

Source: The Daily Star, 6 Nov 2024

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့် လေ့လာရေးအဖွဲ့)