စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်၊ ချောက်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် စားသုံးသူများ ဈေးကွက်အတွင်း အရည်အသွေး အာမခံချက်ရှိသည့် ကုန်ပစ္စည်းများ ရွေးချယ်ဝယ်ယူနိုင်ရေးနှင့် ကုန်ပစ္စည်း အတုအပကင်းစင်ရေး ဘေးကင်းလုံခြုံစွာသုံးစွဲနိုင်ရေးရည်ရွယ်၍ (၂၀.၄.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီထိ ချောက်မြို့ပေါ်ရှိ စက်ဆီ/ချောဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော အရောင်းဆိုင် (၈)ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စက်ဆီ/ချောဆီဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးအာမခံချက်ရှိသော ကုန်ပစ္စည်းများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန(PPRD)မှ တရားဝင်ခွင့်ပြုထားသော ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချ ရန်၊ တရားမဝင်လုပ်ငန်းလိုင်စင်မရှိဘဲ စျေးကွက်အတွင်း အရည်အသွေးနိမ့် စက်ဆီ/ ချောဆီများ ရောင်းချခြင်းဖြင့် နိုင်ငံတော်အတွက် အခွန်အခများနစ်နာခြင်း၊ စားသုံးသူများ၏ စက်ပစ္စည်းများ၊ အချိန်မတိုင်မှီ ပျက်စီးမှုများဖြစ်ပေါ်စေသောကြောင့် စက်ဆီ/ချောဆီအတုအပများအား ဆိုင်တင်ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် တရားမဝင်စက်ဆီ/ချောဆီစျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေခြင်းအား စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
ယခုကဲ့သို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးခြင်းဖြင့် စားသုံးသူပြည်သူများ အရည်အသွေးပြည့်မှီ၍ ဘေးကင်းလုံခြုံမှုရှိသော ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိလာစေမည့်ဖြစ်ပါသည်။
DOCA(မကွေး)