မကွေးမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးဦးဆောင်၍ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူခိုင်၊ စားသုံးဌာနခွဲ တာဝန်ခံ ဦးစီးမှူး ဒေါ်စန္ဒာစိုးလွင်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်အေးအေးခိုင် နှင့် ဒုဦးစီးမှူး ဒေါ်ဖြူသီခိုင်၊ အငယ်တန်းစာရေး ဦးဝေယံဖြိုး တို့သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသော လက်ကား အရောင်းဆိုင်များသို့  Paris ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသားပါ အလေးချိန် ဖော်ပြချက်နှင့် အမှန်တကယ် ပါဝင်သောအလေးချိန် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မကွေးမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်(၄)ဆိုင်တို့အား သွားရောက်၍  ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးမှ ဈေးကွက်အတွင်းတွင် Paris ဆပ်ပြာခဲများအား ကပ်နှိပ်ထားသည့် ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် ကိုက်ညီ မှုမရှိဘဲ ရောင်းချနေသည်ဟု တိုင်ကြားလာခြင်းကြောင့် ယင်းဆပ်ပြာခဲများတွင် ကုန်အညွှန်း အမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် အမှန်တကယ်ပါဝင်သောအလေးချိန် ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးသွားရန် ရုံးချုပ်မှ အကြောင်းကြားလာမှုအရ လာရောက်စစ်ဆေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး Paris ဆပ်ပြာခဲများအား အလေးချိန် ချိန်တွယ်ခြင်းများ ဆောင်ရွက် ခဲ့ပါသည်။ ထို့နောက် စီးပွားရေးလုပ်ငန်းရှင်တို့၏ လိုက်နာရမည့်တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြပါရှိသည့် ကုန်စည်များ ကိုသာ မှာယူရောင်းချဖြန့်ဖြူးသွားရန် အသိပေးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ကုမ္ပဏီရုံးခွဲ လိပ်စာ များ တောင်းယူခဲ့ခြင်း၊ စားသုံးဆီ ရောင်းချဖြန့်ဖြူးသော လုပ်ငန်းရှင်များအားလည်း ညွှန်ကြားချက် အမှတ် ၁/၂၀၂၁ အရ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ အား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ညွှန်ကြားချက်ကိုလည်း (၂၀.၁၂.၂၀၂၁)တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ရာ (၆)လပြည့်သည့်နေ့မှစ၍ အရေးယူဆောင်ရွက်တော့မည်ဖြစ်၍ စားသုံးဆီဖြန့်ဖြူး ရောင်းချသူ များအနေဖြင့်လည်း ယခုချိန်မှစ၍ ပြင်ဆင်ရန်လိုအပ်ပါကြောင်း အသိပေးဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။           

DOCA(မကွေး)