" ပခုက္ကူမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေး"

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍  ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် ဧပြီလ (၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စားသုံးဆီ ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်အမှတ် အသားပြည့်စုံစွာ ဖော်ပြလာရေးအသိပညာပေး ဆွေးနွေးခဲ့ပါသည်။

ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်များအား ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အရ ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil )နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအစားကို တိကျစွာမြန်မာဘာသာဖြင့်ဖော်ပြရန် (ဥပမာ-ဟင်းသီးဟင်းရွက်ဆီ၊ စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)အပြင် ကုန်စည်၏ အသားတင်ပမာဏ နှင့်အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားဖြင့်ဖော်ပြရန်၊ ညွှန်ကြားချက်ကို (၂၀.၁၂.၂၀၂၁)တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ (၆)လပြည့်မြောက်သည့်နေ့မှစ၍ အရေးယူဆောင်ရွက်တော့မည်ဖြစ်သောကြောင့် ပြည့်စုံစွာဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ အချင်အတွယ်ဖြင့် ရောင်းချသော ဆီဆိုင်များအနေဖြင့်လည်း အလေးချိန်များ မှန်ကန်စွာ ရောင်းချ စေလိုကြောင်း၊ စားအုန်းဆီနှင့်အခြားဆီများ ရောစပ်ရောင်းချနေလျှင်လည်း ရောနှောမှုအချိုးအဆ ကို ပွင့်လင်းမြင်သာစွာ ရောင်းချစေလိုကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပါသည်။

ဒု-ခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည် အုပ်စု(က)ရှိ စားသုံးဆီအမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့် အချက်များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေး နည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်းသိရှိလိုက်နာ စေရန် ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ဆွေးနွေးရာတွင်  လုပ်ငန်းရှင်များ အနေဖြင့် ကုန်စည်၏ အရည်အသွေးအချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိစေရန် လိုအပ်ကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် စားသုံးဆီမှာ အခြေခံစားသောက်ကုန်ဖြစ်၍ မိမိတို့ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော စားသုံးဆီများအား အရည်အသွေးကိုအဓိကထား၍ ထင်ယောင်ထင်မှားမဖြစ်စေရန် ရောင်းချစေလိုကြောင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအား (၂၀.၁၂.၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်း စာစောင်များအား ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)