မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ စစ်တလင်းအုပ်စု၊ ကွင်းကျေးရွာသည် နှမ်း၊ မြေပဲ၊ ပြောင်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံ စသည့်သီးနှံများကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီကို ဥစိုက်နှင့် ပင်စိုက်ဟူ၍စိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)တွင် ကြက်သွန်နီ(ဥစိုက်) စိုက်ဧက (၁၀၀)ခန့်စိုက်ပျိုးထားကြောင်းသိရသည်။
ကြက်သွန်နီကို စက်တင်ဘာလကုန်-နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလကုန်တွင် တူးဖော်ရကြောင်း၊ မျိုးအနေဖြင့် ဇော်မွှားဥစိုက်နှင့် ကြမ်းကျွံဥစိုက် (ယခင်နှစ်ကကျန်သော ဥသေး) တို့ဖြစ်ပြီး (ဇော်မွှားဥစိုက်)မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ မျိုးဥအရွယ်အစားပေါ်မူတည်၍ တစ်ဧကလျှင် ပိဿာချိန် ၃၅၀-၄၅၀ ခန့်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် ဘောင်လယ်ကွက်ကို ရေသွင်းစနစ်နှင့် ပြန့်စိုက်၍ ပိုက်ဖြန်းစနစ်တို့ဖြင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အတွက် (မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ မြေပြုပြင်ထွန်ယက်ခ) အပါအဝင် ငွေကျပ်၃၂သိန်းခန့်ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာချိန် ၃၀၀၀-၄၀၀၀ ခန့်ထွက်ရှိပြီး ကြက်သွန်နီပေါ်စတွင် တစ်ပိဿာလျှင် ကျပ် ၂၀၀၀-၃၀၀၀ ဈေးနှုန်းဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ ငွေကျပ်၂၈သိန်း ခန့်အကျိုးအမြတ်ရရှိကြောင်းသိရသည်။
ဈေးကွက်အနေဖြင့် မကွေးမြို့နှင့် တောင်တွင်းကြီးမြို့များရှိ ကြက်သွန်နီပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်၊ မန္တလေး၊ ပြည်မြို့များသို့တင်ပို့ကြောင်း၊ ယခုနှစ် ကြက်သွန်နီပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း ကြက်သွန်နီ (ဥစိုက်)တောင်သူထံမှသိရှိရပါသည်။
DOCA(မကွေး)
မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာ၌ ကြက်သွန်နီ(ဥစိုက်)များ စတင်စိုက်ပျိုးလျက်ရှိ
Powered by Drupal