Main menu

မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာ၌ ကြက်သွန်နီ(ဥစိုက်)များ စတင်စိုက်ပျိုးလျက်ရှိ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ စစ်တလင်းအုပ်စု၊ ကွင်းကျေးရွာသည် နှမ်း၊ မြေပဲ၊ ပြောင်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံ စသည့်သီးနှံများကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီကို ဥစိုက်နှင့် ပင်စိုက်ဟူ၍စိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)တွင် ကြက်သွန်နီ(ဥစိုက်) စိုက်ဧက (၁၀၀)ခန့်စိုက်ပျိုးထားကြောင်းသိရသည်။
ကြက်သွန်နီကို စက်တင်ဘာလကုန်-နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလကုန်တွင် တူးဖော်ရကြောင်း၊ မျိုးအနေဖြင့် ဇော်မွှားဥစိုက်နှင့် ကြမ်းကျွံဥစိုက် (ယခင်နှစ်ကကျန်သော ဥသေး) တို့ဖြစ်ပြီး (ဇော်မွှားဥစိုက်)မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ မျိုးဥအရွယ်အစားပေါ်မူတည်၍ တစ်ဧကလျှင် ပိဿာချိန် ၃၅၀-၄၅၀ ခန့်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် ဘောင်လယ်ကွက်ကို ရေသွင်းစနစ်နှင့် ပြန့်စိုက်၍ ပိုက်ဖြန်းစနစ်တို့ဖြင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အတွက် (မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ မြေပြုပြင်ထွန်ယက်ခ) အပါအဝင် ငွေကျပ်၃၂သိန်းခန့်ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာချိန် ၃၀၀၀-၄၀၀၀ ခန့်ထွက်ရှိပြီး ကြက်သွန်နီပေါ်စတွင် တစ်ပိဿာလျှင် ကျပ် ၂၀၀၀-၃၀၀၀ ဈေးနှုန်းဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ ငွေကျပ်၂၈သိန်း ခန့်အကျိုးအမြတ်ရရှိကြောင်းသိရသည်။
ဈေးကွက်အနေဖြင့် မကွေးမြို့နှင့် တောင်တွင်းကြီးမြို့များရှိ ကြက်သွန်နီပွဲရုံများသို့ တင်ပို့‌ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်၊ မန္တလေး၊ ပြည်မြို့များသို့တင်ပို့ကြောင်း၊ ယခုနှစ် ကြက်သွန်နီပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း ကြက်သွန်နီ (ဥစိုက်)တောင်သူထံမှသိရှိရပါသည်။
DOCA(မကွေး)