ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပေါက်တောမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၂-၄-၂၀၂၂)ရက်နေ့ နံနက် (၀၉:၀၀)နာရီခန့်အချိန်တွင် ပေါက်တောမြို့နယ် မြို့မဈေးသို့လည်းကောင်း၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၂-၄-၂၀၂၂)ရက်နေ့ နေ့လည် (၁၅:၀၀)နာရီခန့်အချိန်တွင် ကျောက်ဖြူမြို့ မြို့မဈေးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များသို့သွားရောက်၍ FDAမှစားသုံးရန်မသင့်ထုတ်ပြန်ထားသည့် အစားအသောက်များအား ဈေးကွက်အတွင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရခိုင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင်စစ်တွေမြို့နယ်မြို့မဈေးနှင့် သံတွဲမြို့နယ် ဒွါရာဝတီမြို့မဈေးတို့မှ နမူနာကောက်ယူစစ်ဆေးခဲ့သော အစားအသောက်နမူနာများအနက် နမူနာအချို့မှာ ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းသတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်၍ပါဝင်နေသည့်အတွက် စားသုံးရန်မသင့်သည့်အစားအသောက်ဖြစ်ကြောင်း အကြောင်းကြားလာသည့်အတွက် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ သွားရောက်၍ စိစစ်စစ်ဆေးရခြင်း ဖြစ်ပါသည်။
ဈေးကွက်စိစစ်ဆောင်ရွက်ရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသည့် အစားအသောက်ဖြစ်သည့် စစ်တွေမြို့ မြို့မဈေးအတွင်းမှ တွေ့ရှိသည့် ခြင်္သေ့မင်း အမှတ်တံဆိပ် ငရုတ်ဆီ ၊ Lucky Tiger အမှတ်တံဆိပ် ငရုတ်ဆီ နှင့် စူပါဆွိ အမှတ်တံဆိပ် သံပုရာပေါင်း၊ သံတွဲမြို့ ဒွါရာဝတီ မြို့မဈေးအတွင်းမှ တွေ့ရှိရသည့် Strawberry Natural Fruit အချိုရည်၊ Cream Soda Natural Fruit အချိုရည်၊ လိမ္မော် Juice ၊ Lychee Natural Fruit အချိုရည်တို့အား ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ စိစစ်ရာ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပါသည်။
ဈေးအတွင်းရှိ စားသောက်ကုန်ရောင်းချသည့် လုပ်ငန်းရှင်များအား FDA မှအစားအသောက်နမူနာ လက်ကမ်းစာစောင်များအား ဖြန့်ဝေအသိပေးခြင်း၊ ဈေးကွက်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)