စပါးအပေါင်ထားရှိမှု ချေးငွေနှင့်ထောက်ပံ့ကြေး အစီအစဉ် ထိုင်းအစိုးရ အတည်ပြု

Powered by Drupal

     ထိုင်းနိုင်ငံ၌ အမျိုးသားဆန်စပါးမူဝါဒနှင့် စီမံခန့်ခွဲရေးကော်မတီသည် ဆန်စပါးဝယ်လိုအားနှင့် ရောင်းလိုအားအကြား ဟန်ချက်ညီစေရန်အတွက် အစီအမံ (၃) ရပ်ကို အတည်ပြုခဲ့ရာ ရိတ်သိမ်းချိန် ကာလအတွင်း ရောင်းလိုအားများခြင်းကြောင့် ယခုနှစ် သီးနှံရာသီတွင် စပါးဆန်ဈေးများ ရုတ်တရက် ကျဆင်းသွားမည် မဟုတ်ကြောင်း သေချာသည်ဟု လေ့လာသူများ၏ ပြောကြားချက် အရ သိရှိရသည်။

    ပထမအစီအမံတွင် ဘတ် ၈.၃၆ ဘီလီယံ တန်ဖိုးရှိသော စပါးအပေါင်ခံထားသည့်အစီအစဉ် ပါဝင်ပြီး အဆိုပါအစီအစဉ်တွင် အပေါင်ခံမည့် စပါးတစ်တန်လျှင် အစိုးရမှ ဘတ်၁၅၀၀ ထောက်ပံ့ သွားမည်ဖြစ်ကြောင်း၊ ၎င်းဘတ်ငွေ ၁၅၀၀ အနက် ဘတ် ၁၀၀၀ အား စပါးအပေါင်ခံထားမှု လုပ်ကိုင်သည့် သမဝါယမအသင်းထံပေးအပ်ပြီး ကျန်ငွေကို ယင်းအစီအစဥ်အောက်တွင် စပါး အပေါင်ခံထားသည့် တောင်သူထံပေးအပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်နေ့၌ ပြုလုပ်သော အထက်ပါကော်မတီ၏ အစည်းအဝေးအပြီးတွင် ကုန်သွယ်ရေးဝန်ကြီး Pichai Naripthaphan က ပြောကြားခဲ့သည်။

     ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ အကောင်အထည်ဖော်မည့် အဆိုပါ အစီအစဉ်တွင် တောင်သူများအား တစ်လမှ ငါးလအထိ စပါးအပေါင်ခံခွင့်ပြုထားကြောင်း သိရှိရသည်။ အစိုးရ၏ စပါးအပေါင်ခံထားခြင်း အစီအစဉ်၌ ပါဝင်သည့် တောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် သမဝါယမဘဏ် (BAAC) ထံမှ စပါးတစ်တန်လျှင် ဘတ် ၉၀၀၀ မှ ၁၂၅၀၀ အထိ ချေးငွေ လျှောက်ထားရယူနိုင်မည်ဖြစ်သည်။ဟုမ်းမာလီစပါးကို အပေါင်ပစ္စည်းအဖြစ်ထားရှိပြီး ထုတ်ချေးပေးသော ငွေပမာဏသည် ယခင်နှစ်၌ တစ်တန်လျှင် ဘတ် ၁၂၀၀၀ ရှိခဲ့ရာမှ ယခုအခါ ၁၂၅၀၀ သို့ တိုးမြှင့်ပေးခဲ့သည်ဟု ဝန်ကြီး Pichai က ပြောကြားခဲ့သည်။

    ဒုတိယအစီအမံသည် တောင်သူလယ်သမားအသင်းအဖွဲ့များထံ ချေးငွေထုတ်ပေးခြင်းဖြစ်ပြီး လယ်သမားများစုပေါင်း၍ အစိုးရထံ၌ ပမာဏများပြားစွာ စပါးအပေါင်ခံထားရှိပါက ပိုမို ကောင်းမွန်သော ချေးငွေဆိုင်ရာ သဘောတူညီချက်ကို ညှိနှိုင်းရရှိစေမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်၌ စပါးတန်ချိန် ၁ သန်းအထိ အပေါင်ခံထားရှိနိုင်ရန်အတွက် ဘတ်ငွေ စုစုပေါင်း ၆၅၆.၂၅ သန်းကို ချေးငွေထုတ်ချေးပေးရန် လျာထားကြောင်း၊ အဆိုပါရည်ရွယ်ချက်ဖြင့် ခွင့်ပြုထားသော ချေးငွေအပေါ် ကျသင့်သောအတိုးနှုန်း၏ ၁ ရာခိုင်နှုန်းကို စိုက်ပျိုးရေးသမဝါယမအသင်းများက လည်းကောင်း၊ ၃.၅ ရာခိုင်နှုန်းကို အစိုးရကလည်းကောင်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ၎င်းချေးငွေထုတ်ပေးမှုကို  ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အတိုးနှုန်းအပေါ် စိုက်ထုတ်ကျခံပေးမည့်ကာလကို အများဆုံး ၁၅ လအထိ ထောက်ပံ့မည်ဖြစ်ကြောင်း Mr Pichai က ပြောကြားခဲ့သည်။

    နောက်ဆုံးအစီအမံမှာ စပါးအပေါင်ခံသည့်အစီအစဉ်၌ ပါဝင်ပြီး စပါးများထားရှိရန်အတွက် သိုလှောင်ရုံလုပ်ငန်းဆောင်ရွက်သော ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ချေးငွေအပေါ် ပေးဆောင်ရမည့် အတိုးနှုန်း၏ ၃ ရာခိုင်နှုန်းကို အစိုးရက ထောက်ပံ့ပေးခြင်းဖြစ်သည်။ အပေါင်ခံပစ္စည်းအဖြစ် ထားရှိသော စပါးများအား ၂ လမှ ၆ လအထိ ကိုင်တွယ် သိုလှောင်ထားရှိနိုင်ရန် ကူညီပေးခြင်းအပေါ်  ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အစီအစဉ်၌ ပါဝင်ဆောင်ရွက်သော ပုဂ္ဂလိကသိုလှောင်ရုံလုပ်ငန်းရှင်များသည် အဆိုပါ ချေးငွေပံ့ပိုးမှုကို ရယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Source: Bangkok Post, 10 November, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)