စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဧပြီလ(၂၂)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့ စည်ပင်သာယာဈေးရှိ အလှကုန်(စတိုး)ဆိုင် (၄)ဆိုင်တို့တွင် ရောင်းချနေသည့် Paris ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် အမှန်တကယ် ပါဝင်သော အလေးချိန် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် Paris ဆပ်ပြာခဲ (80)g မှာ ရောင်းချမှုမရှိကြောင်းနှင့် Paris ဆပ်ပြာခဲ (115)gတွင် ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် အမှန်တကယ် ပါဝင်သော အလေးချိန်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးရာတွင် လျော့နည်းနေသည်ကိုစစ်ဆေးတွေ့ရှိရ ပါသည်။ Paris ဆပ်ပြာခဲ (115)g အကြီး တစ်ကဒ်တွင် (၆)ခဲပါဝင်ပြီး ရောင်းချရမှုမှာလည်း အနည်းငယ်သာရှိကြောင်း၊ယခုအခါ လက်ကျန်အနေဖြင့် အလှကုန်(စတိုး)ဆိုင်များတွင် Paris ဆပ်ပြာခဲမရှိသလောက်နည်းပါးနေသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများအနေဖြင့် ဝယ်ယူသုံးစွဲမှုမရှိသလောက်နည်းပါးကြောင်းလည်း တွေ့ရှိရပါသည်။
ရောင်းချဖြန့်ဖြူးသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်၏ ကုန်အညွှန်းအမှတ် အသားတွင်ဖော်ပြထားသည့် အချင်အတွယ်၊ ပမာဏနှင့် အလေးချိန်ကိုက်ညီမှန်ကန်မှုရှိသည့် ကုန်ပစ္စည်းများကိုသာ စိစစ်ရောင်းချသွားရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်တွင်ဖော်ပြထားသည့် အာမခံချက်နှင့်ကိုက်ညီသည့် ကုန်စည်များကိုသာ ရောင်းချရန် တာဝန်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့်အတွက် လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး အလေးချိန်ကိုက်ညီမှု မရှိသည့် ဆပ်ပြာခဲများအား ရောင်းချဖြန့်ဖြူးခြင်းမပြုရန်နှင့် မိမိတို့ဝယ်ယူခဲ့သည့်ကုမ္ပဏီသို့ ပြန်လည်ပြောကြားရန် အသိပေးဆွေးနွေးခဲ့ပါသည်။
ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးခြင်း၊ဈေးကွက်စောင့်ကြည့်ခြင်းနှင့် မိတ်ဖတ်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာသည့်အတွက် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေးများသိရှိကာ မိမိကိုယ်မိမိကာကွယ်နိုင်သည့် အသိပညာများ ပိုမိုရရှိလာကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
DOCA(မကွေး)