ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီ အရောင်းဆိုင်လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေး

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ် တာဝန်ခံ  ဦးဇော်နေလင်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပြီး (၂၁.၄.၂၀၂၂)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်အတွင်းရှိ ဘေးအန္တရာယ်ရှိသော ကုန်စည် များပပျောက်စေရေးအတွက် ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီများ ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင် များသို့ ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အား တစ်ဆင့်ပြန်လည် ရောင်းချသော စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များ သိရှိစေရန် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်းသည့် ကုန်အညွန်း အမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ကို (၂၀.၁.၂၀၂၁) နေ့တွင် ထုတ်ပြန်ထားရှိကြောင်း၊ ယင်းညွှန်ကြားချက်သည် (၆)လပြည့်မြောက်သည့်နေ့မှစ၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း စားသုံးဆီရောင်းချဖြန့်ဖြူးသူများအနေဖြင့်လည်း ယခုအချိန်မှစ၍ မိမိတို့ဆိုင်တွင် ညွှန်ကြားချက်အတိုင်း ပြည့်စုံသော ကုန်စည်ကိုသာရောင်းချရန်လိုအပ်ကြောင်း၊ စားသုံးဆီ ဖြန့်ဖြူးသော ကုမ္ပဏီများ၊ အရောင်းကိုယ်စား လှယ်များကိုလည်း အသိပေးရှင်းလင်းဆောင်ရွက်ပြီး ဖြစ်ကြောင်း ဈေးကွက်တွင် စားအုန်းဆီနှင့် ပဲဆီ၊ နှမ်းဆီတို့နှင့် ရောစပ်ရောင်းချနေခြင်းများလည်း ရှိရာ စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေဘဲ ရှင်းလင်းမြင်သာစွာ သိရှိစေရေးအတွက် စားသုံးဆီအမျိုးအစား တစ်ခုချင်းစီ၏ ရောစပ်မှုအချိုးအစားအလိုက် ဝယ်ယူစားသုံးသူများ အခြေခံစိတ်ကျေနပ်မှုရရှိစေရေးအတွက် မှန်ကန်စွာဖြင့် ဖော်ပြရောင်းချသွားရန် လိုအပ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယခုအခါ ဈေးကွက်တွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဟင်းသီး ဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)နှင့်ပတ်သက်၍ ရောင်းချရာတွင် မိမိတို့ကုန်စည် ပေါ်တွင် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟူ၍ ကုန်စည် အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြပါရှိသော ကုန်စည်ကိုသာရောင်းချရန်နှင့် ကုန်စည်၏အသားတင်ပမာဏ အရွယ်အစားကိုလည်း ပိဿာ/ကျပ်သားတို့ဖြင့် မြန်မာလိုဖော်ပြပါရှိမှသာ ရောင်းချရမည်ကြောင်း အသေးစိတ်အသိပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ဒု-ဦးစီးမှူးဒေါ်မြင့်မြင့်သန်းမှ စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် ထင်ယောင်ထင်မှား မဖြစ် စေရေးအတွက် ဆီရောင်းချသောဆိုင်ရှင်များအား စားသုံးသူအခွင့်အရေးများသိရှိစေရန် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယခုအချိန်အခါတွင် စားသုံးဆီကို လူတိုင်းအခြေခံစားကုန်တစ်မျိုးအဖြစ် နေ့စဉ်စားသုံးနေကြသောကြောင့် ဘေးဥပါဒ်အန္တရာယ်ဖြစ်ပေါ်မှုနည်းပါးစေရန်အတွက် ရောင်းဝယ်ဖြန့်ဖြူးသော လုပ်ငန်းရှင်များအနေဖြင့်(၁/၂၀၂၁)ညွှန်ကြားချက်အရ ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသော စားသုံးဆီကိုသာ တင်သွင်းရောင်းချဖြန့်ဖြူးရန်၊ မပြည့်စုံသော စားသုံးဆီများ ဆိုင်တွင်ရှိနေသေးပါကလည်း ကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး အမြန်ဆုံးပြန်လည်ပေးသွင်းရန် လိုအပ်ကြောင်း၊ ရောင်းချဖြန့်ဖြူးသော စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် လာရောက်အသိပေးရှင်းလင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ညွှန်ကြားချက်အမှတ်(၁/၂၀၂၁) စာစောင်များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ ပါသည်။

DOCA(မကွေး)