မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆောမြို့နယ်၌ (မိုး)စပါးစိုက်ပျိုးမှုကို စိုက်ဧက(၅၀၀၀၀) ခန့် လျာထားစိုက်ပျိုးခဲ့ရာ ရာနှုန်းပြည့်ဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဆောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးအဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံရေးနှင့် ပြည်တွင်းစားသုံးဆန်ဖူလုံမှုမှသည် ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေး မိုးရာသီစိုက်ပျိုးချိန်တွင် စပါးသီးနှံကိုအဓိကထား၍ နှစ်စဉ်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
(မိုး)စပါးစိုက်ပျိုးမှုကို ဇူလိုင်လတွင်စိုက်ပျိုးပြီး နိုဝင်ဘာလတွင်ရိတ်သိမ်းကြောင်း၊ စပါးအထွက်နှုန်းကောင်းသောဆင်းသုခနှင့် မနောသုခမျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ ဆောမြို့နယ်အတွင်းရှိ စံကျေးရွာ၊ တေကျေးရွာ၊ သရက်ချဉ်၊ ကျောက်မြ၊ ရေရှင်၊ ယောကျေးရွာများတွင် နိုဝင်ဘာလ (ဒုတိယပတ်)မှစ၍ (မိုး)စပါးများ စတင်ထွက်ပေါ်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ခြင်းကြောင့် တောင်သူတစ်ဦးလျှင် ပျမ်းမျှအထွက်တင်း (၇၅ - ၈၅)ထိ ထွက်ရှိကြောင်း၊ စိုက်ပျိုးစရိတ်ကုန်ကျမှုအနေဖြင့် တစ်ဧကလျှင် ငွေကျပ်(၁၅)သိန်းခန့် ကုန်ကျကြောင်း၊ ဒေသခံတောင်သူများသည် ထွက်ရှိသောစပါးများကိုကြိတ်ခွဲပြီး ရရှိသောဆန်ကိုရောင်းချကြောင်း၊ စပါးတစ်တင်းကြိတ်လျှင် ဆန်(၇)ပြည်ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဆောမြို့နယ်အတွင်းရှိ စားသုံးသူဒေသခံပြည်သူများနှင့် ပခုက္ကူမြို့သို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး သီးနှံပေါ်စဒေသတွင်းဈေးကွက်တွင် ဆန်တစ်တင်းလျှင် ကျပ်(၅၀၀၀၀)ခန့် ရောင်းချလျက်ရှိ၍ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ်(၇၀၀၀၀၀) ခန့်ရရှိကြောင်း သိရသည်။
ဆောမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နိုဝင်ဘာလကုန်တွင်ရိတ်သိမ်းပြီး စပါးခင်းကျွတ်မြေကွက်များ၌ ကြက်သွန်ဖြူနှင့် မြေပဲသီးနှံကို သီးထပ်အဖြစ်စိုက်ပျိုးကြမည်ဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။
DOCA(မကွေး)