ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းပြန်လည်ဖွဲ့စည်းခြင်း

Powered by Drupal

ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းအား ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို၂၈.၄.၂၀၂၂ရက်နေ့နံနက် (၁၀:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ပြောင်းလုပ်ငန်းအသင်းသူ/သား(၂၇)ဦးတက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးစန်းလွင်ဉီးက အဖွင့်အမှာစကားပြောကြားရာတွင် ကချင်ပြည်နယ်အနေဖြင့် အသင်းအဖွဲ့ဖွဲ့စည်းပြီးသည့်အခါ အသက်ဝင်ရန်လိုကြောင်း၊ အသင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသင်းအဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်ပါက အကျိုးသက်ရောက်မှုပိုရှိကြောင်း၊ ဌာနအနေဖြင့်အများအကျိုးအတွက် ဆောင်ရွက်ရမှာဖြစ်လို့ နိုင်ငံတော်အတွက် အသင်းအဖွဲ့များဖွဲ့စည်းရာတွင် အကူအညီတောင်းပါက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များတိုးလာအောင် အသင်းအဖွဲ့ကကူညီပေးခြင်းဖြင့် အသင်းဝင်အသစ်များတိုးလာနိုင်ကြောင်း၊ ယခုပြောင်းလုပ်ငန်းအသင်း ပြန်လည်ဖွဲ့စည်းရာတွင်လည်း ထိထိရောက်ရောက်အကျိုးများရှိအောင် စားသုံးသူရေးရာဦးစီးဌာနမှ ကူညီရန်အသင့်ရှိပြီး လုပ်ငန်းရှင်များမှလည်း အကူအညီတောင်းပါက ကူညီဆောင်ရွက်ပေးရန်အသင့်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ပြောင်းစိုက်ပျိုးထုတ်လုပ်သူအသင်းဥက္ကဋ္ဌ ဦးထွန်းမြင့်အောင်ကြည်ဦးမှ လုပ်ငန်းစဉ်များအား ချပြဆွေးနွေးရာတွင် ပြောင်းလုပ်ငန်းအသင်းသည် ပြောင်းစိုက်တောင်သူများကို အခြေပြုဖွဲ့စည်းထားသောအသင်းဖြစ်ပြီး ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းအား ပြန်လည်ဖွဲ့စည်းရခြင်းမှာလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ညွှန်ကြားချက်နှင့် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း ဥက္ကဋ္ဌ၏လမ်းညွှန်မှုအရ မြန်မာနိုင်ငံပြောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသင်းကိုပြန်လည်ဖွဲ့စည်းခဲ့ရခြင်းဖြစ်ကြောင်းနှင့် ပြောင်းစိုက်ပျိုးထုတ်လုပ် ရောင်းချ ရာတွင် အသင်းအဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှသာလျှင် အခက်အခဲများကိုဖြေရှင်းအောင်မြင် နိုင်မည်ဖြစ်၍ ပြောင်းအသင်းကိုစနစ်တကျပြန်လည်ဖွဲ့စည်းရခြင်းဖြစ်ကြောင်းပြောကြား ခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ အလုပ်အမှုဆောင်များရွေးချယ်ခြင်း၊ အတည်ပြုခြင်း၊ အမှုဆောင်အမည်နှင့်လုပ်ငန်းတာဝန်များအား ကြေငြာခြင်းအစီအစဉ်များကို ဆောင်ရွက်ခဲ့ရာ အသင်းဖွဲ့စည်းပုံအရ အသင်း၏နယက(၃)ဦး၊ အလုပ်အမှုဆောင်(၁၀)ဦး၊ အမှုဆောင် (၁၇)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး အခမ်းအနားကို (၁၁:၃၅)နာရီတွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
DOCA(ကချင်)