ဆန်လက်ကျန်တန်ချိန် ၈ သန်း ရှိပြီး ရှေ့နှစ်တွင် ဆန်တင်သွင်းရန်မလိုအပ်ဟု အင်ဒိုနီးရှားဝန်ကြီး ပြောဆို

Powered by Drupal

   အင်ဒိုနီးရှားနိုင်ငံ၏ ပြည်တွင်းဆန်လက်ကျန်ပမာဏသည် ၂၀၂၄ ခုနှစ် ကုန်ဆုံးချိန်တွင် တန်ချိန် ၈ သန်းအထိ ရောက်ရှိနိုင်သဖြင့် ပြည်ပမှဆန်များအား ရှေ့လာမည့်နှစ်အတွက်အပါအဝင် ထပ်မံတင်သွင်းရန် လိုအပ်တော့မည်မဟုတ်ဟု စားနပ်ရိက္ခာရေးရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Zulkifli Hasan က ဒီဇင်ဘာ ၉ ရက်နေ့၌ ဂျကာတာမြို့တော်တွင် ပြောကြားခဲ့ကြောင်း Antara News သတင်းဌာနက ဖော်ပြပါသည်။

    တစ်နိုင်ငံလုံးတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ လက်ဝယ်ရှိ ဆန်လက်ကျန်ပမာဏသည် တန်ချိန် ၈ သန်းကို ကျော်လွန်ရောက်ရှိခဲ့ပြီး နိုင်ငံပိုင်ဝယ်ယူရေးအေဂျင်စီဖြစ်သော Bulog အဖွဲ့ တစ်ခုတည်းထံ၌ပင် ဆန်တန်ချိန် ၂ သန်းကို သိုလှောင်ထားကြောင်း၊ အဆိုပါ ဆန်လက်ကျန် ပမာဏကို အစိုးရ၏ အရန်ရိက္ခာအစီအစဉ်အတိုင်း သိုလှောင်ထားရှိမည်ဖြစ်ကြောင်း၊ ပြည်တွင်း စားသုံးရန် လိုအပ်သည့် ပမာဏသည် တန်ချိန် ၃၁ သန်းခန့်သာ ဖြစ်သော်လည်း အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၃၂ သန်းအထိ ထုတ်လုပ်လျက် ပြည်ပမှဆန်တင်သွင်းမှုကို ရပ်ဆိုင်း ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း၊ သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ် သို့မဟုတ် ထူးခြားသည့် အခြေအနေတစ်ရပ် ပေါ်ပေါက်ခဲ့လျှင်ပင် ဆန်တင်သွင်းတော့မည် မဟုတ်ကြောင်းဖြင့် ဝန်ကြီး Hasan က ပြောဆိုခဲ့ခြင်းဖြစ်သည်။

    အင်ဒိုနီးရှား အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) ၏ အကြီးအကဲဖြစ်သူ Arief Prasetyo Adi ကလည်း နိုင်ငံတော် အရန်ဆန် သိုလှောင်ထားရှိမှုသည် လုံလောက်သည့် ပမာဏကို ရောက်ရှိခဲ့ပြီဖြစ်၍ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဆန်ဆက်လက်တင်သွင်းရန် မလိုအပ်တော့ ကြောင်း၊ Bulog အဖွဲ့ လက်ဝယ်ရှိ လက်ရှိဆန်ပမာဏသည် လိုအပ်သည်ထက် ပိုလျှံနေပြီဖြစ်၍ စားနပ်ရိက္ခာ ထောက်ပံ့မှု အစီအစဉ်အတွက် ဆန်တန်ချိန် ၂၂၀၀၀၀ ကိုပင် ထိုသို့သိုလှောင်ထားရှိမှုမှ ထုတ်နုတ်သုံးစွဲလျက်ရှိကြောင်း၊ လက်ရှိကာလတွင် အင်ဒိုနီးရှား အနေဖြင့် ဖေဖော်ဝါရီလကုန်နှင့် မတ်လတို့တွင် ရိတ်သိမ်းမည့် အဓိကစပါးသီးနှံရာသီမှ ဆန်တန်ချိန် ၁၂ သန်းမှ ၁၃ သန်းအထိ ထွက်ရှိနိုင်ရေးကို အလေးထား ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရိတ်သိမ်းထွက်ရှိသည်နှင့် တစ်ပြိုင်နက် အရန်သင့် ဝယ်ယူနိုင်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ကိုင်နိုင်ခြင်း မရှိပါက စပါးဈေးနှုန်းကျဆင်းပြီး တောင်သူလယ်သမားများ၏ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်လိုမှုကို လျော့ကျစေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Source: Antara News, 9 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)