မြန်မာနှင့် အိန္ဒိယတို့ထံမှ ဆန်တန်ချိန် ၁.၅ သိန်း ဘင်္ဂလားဒေ့ရှ် တင်သွင်းမည်

Powered by Drupal

     ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဆန်စပါးဈေးကြီးမြင့်မှုကို လျှော့ချနိုင်ရန်၊ အရန်ဆန် ပြန်လည် ဖြည့်တင်းရန်နှင့် လူမှုဖူလုံရေးအစီအစဉ်များအရ ဆန်များဖြန့်ဖြူးခြင်းကို သေချာခိုင်မာစေရန် အတွက် ကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဆန်တင်သွင်းရန်စီစဉ်ထားကြောင်း သိရသည်။

     အဆိုပါ အစီအစဉ်အရ မြန်မာနိုင်ငံမှ ဆန်ဖြူတစ်တန်လျှင် ၅၁၅ ဒေါ်လာနှုန်းဖြင့် ဆန် တန်ချိန် ၁ သိန်းကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံမှ ဘာစမာတီ ပေါင်းဆန် တစ်တန်လျှင် ၄၆၇ ဒသမ ၇ ဒေါ်လာနှုန်းဖြင့် ဆန်တန်ချိန် ၅၀၀၀၀ ကိုလည်းကောင်း တင်သွင်းမည်ဖြစ်သည်။

    အဆိုပါ ဆန်တင်သွင်းမှုအဆိုပြုချက်များကို ကြားဖြတ်အစိုးရ၏ ဘဏ္ဍာရေးအကြံပေး ပုဂ္ဂိုလ် Salehuddin Ahmed ဦးဆောင်သည့် ပြည်သူ့ဝယ်ယူမှုဆိုင်ရာ ကက်ဘိနက်ကော်မတီက ဒီဇင်ဘာ ၄ ရက်နေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

    နိုင်ငံရေးကိစ္စရပ်များသည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှုများကို  ထိခိုက်လိမ့်မည်မဟုတ်ကြောင်း၊ ဆန်များကို စျေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းမွန်သော ပစ္စည်းများအား မြန်ဆန်စွာဖြင့်တင်သွင်းရောင်းချပေးမည့်သူထံမှ ဝယ်ယူမည်ဖြစ်ကြောင်း၊ အိန္ဒိယ သို့မဟုတ် အခြားနိုင်ငံများလည်း ဖြစ်နိုင်ကြောင်းနှင့် ဆန်တင်သွင်းရေးအတွက် အိန္ဒိယ၊ မြန်မာနှင့် ဗီယက်နမ်တို့နှင့် ဆွေးနွေးနေပါကြောင်းဖြင့် Mr. Ahmed က အစည်းအဝေးအပြီးတွင် သတင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

     အစောပိုင်းကာလတွင်  အိန္ဒိယထံမှ ပေါင်းဆန်တန်ချိန် ၁ သိန်းကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အစိုးရက တင်သွင်းခွင့်ပြုခဲ့ကြောင်း သိရသည်။ လက်ရှိကာလ၌ အရန်ဆန် သိုလှောင်ထားရှိမှုမှာ ပုဂ္ဂလိကဆန်စက်များနှင့် ကုန်သည်များ၏ စျေးနှုန်းခြယ်လှယ်မှုကို တားဆီးရာတွင် အစိုးရ အနေ ဖြင့် စျေးကွက်ကို ထိထိရောက်ရောက်ထိန်းချုပ်ရန်အတွက် ကျွမ်းကျင်သူများက အကြံပြုထား သည့် ပမာဏဖြစ်သော တန်ချိန် ၁၀ ဒသမ ၅ သိန်းအောက်သို့ ရောက်ရှိနေသည်။ ဒီဇင်ဘာ ၄ ရက် နေ့တွင် အစိုးရ၏ အရန်ရိက္ခာ သိုလှောင်ထားရှိမှုမှာ ဆန်တန်ချိန် ၆ ဒသမ ၆၉ သိန်း အပါအဝင် သီးနှံတန်ချိန် ၁၀ ဒသမ ၉၀ သိန်းရှိကြောင်း သိရသည်။

     တစ်ချိန်တည်းတွင် အစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုနှင့် အိတ်ဖွင့်တင်ဒါများ ခေါ်ယူမှု အစီအစဥ် နှစ်ရပ်လုံးဖြင့် ဆန်တင်သွင်းရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သည် ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့နှင့် ဆန်တင်သွင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးထားခဲ့ပြီး သဘောတူညီချက်များသည် ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိကြောင်း စားနပ်ရိက္ခာဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

     ထို့အပြင် အစိုးရဝယ်ယူမှုဆိုင်ရာ အကြံပေးကော်မတီသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆန် တင်သွင်းခြင်းဆိုင်ရာ စည်းမျဉ်းများကို မကြာသေးမီက ဖြေလျှော့ပေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရန် လိုအပ်သည့်အချိန်ကိုလည်း ၄၂ ရက်မှ ၁၅ ရက်သို့ လျှော့ချခဲ့သည်။ အစိုးရအနေဖြင့် ဆန်တန်ချိန် ၅ သိန်း တင်သွင်းမည်ဟု အစိုးရအဖွဲ့ စီးပွားရေးအကြံပေးကော်မတီကလည်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

     မိုးစပါးစိုက်ပျိုးမှု ဧရိယာသည် ယခင်နှစ်၌ ဟက်တာ ၅၇ ဒသမ ၅ သိန်းရှိရာမှ ယခုနှစ်တွင် ဟက်တာ ၅၇ ဒသမ ၃၅ သိန်းသို့ ကျဆင်းခဲ့သည်ဟု စိုက်ပျိုးရေးပညာပေးဦးစီးဌာနမှ ခန့်မှန်း ထားကြောင်း သိရသည်။ အဆိုပါခန့်မှန်းချက်ကို ကိုးကားလျက် မကြာသေးမီက ရေကြီးမှုကြောင့် ဆန်ထုတ်လုပ်မှု တန်ချိန် ၈ ဒသမ ၃၉ သိန်း ဆုံးရှုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးနှင့် အခွန်ကော်မရှင်က အောက်တိုဘာ ၂၉ ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Source: The Daily Star, 5 Dec 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)