ဘူးသီးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံးအသီးသီးသော ဟင်းသီးဟင်းရွက်အုပ်စုဝင် အပင်လည်းဖြစ်ပါသည်။ ဘူးသီးစိုက်ပျိုးရာတွင် ရေများများလောင်းနိုင်မှ အပင်ကြီးထွားပြီး အသီးများများတင်နိုင်သော်လည်း ရေအများသွင်းမိ၍ အပင်ခြေရင်းတွင်း ရေဝပ်သွားပြီး အမြစ်ကိုလေမတိုးခဲ့လျင် အမြစ်များရိကာ အပင်သေသွားနိုင်ပါသည်။ ဘူးပင်မျာကို ပြည်ဒေသတွင်းစိုက်ပျိုးကြသလို၊ ရွှေတောင်မြို့နယ်၊ ပုတီးကုန်းမြို့နယ်များတွင် စိုက်ပျိုးကြပါသည်။ ဘူးပင်မှာ အရွက်ကိုစားရသလို အသီးကိုလည်းစားသုံးရသဖြင့် ဘူးညွန့်ရောဘူးသီးပါ ရောင်းချရပါသည်။ ဘူးသီးများကို စိုက်ပျိုးသောကျေးရွာများမှ ပြည်ဈေးကွက်သို့ လာရောက်ရောင်းချကြောင်း သိရပါသည်။ ရောင်းချသောဈေးနှုန်းများအနေဖြင့် ဘူးသီးတစ်စိတ်လျှင် ကျပ်(၅၀၀)ခန့်ရှိပြီး၊ ဘူးသီးတစ်လုံးဈေးနှုန်းမှာ အကြီးအသေးပေါ်မူ တည်၍ ကျပ်(၃၀၀၀-၄၀၀၀)ထိ ဈေးနှုန်းများဖြင့် အသီးသီး ဈေးကွက်ထဲတွင်ရောင်းချနေကြကြောင်း သိရပါသည်။ ပြည်ဈေးကွက်မှတစ်ဆင့် ရန်ကုန်မြို့ရှိကုန်စိမ်းဈေးကွက်များအပြင် နယ်မြို့များသို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)