ဖြူးမြို့၊ စည်ပင်သာယာဈေးကြီးတွင် ပြောင်းဖူးများဈေးကောင်းလျက်ရှိပါသည်။ ပြောင်းဖူးကို ပြုတ်၍စားကြသလို ကြော်၍ဟင်းလျာအဖြစ်လည်း စားသုံးကြပါသည်။ စားသောက်ဆိုင်များတွင်ရောင်းချသော မာလာရှမ်းကော၊ ဟော့ပေါ့များထဲတွင်လည်း ပါဝင်ပစ္စည်းအဖြစ်အသုံးပြုကြပါသည်။ ပြောင်းဖူးကိုဖုတ်စားပါက အနံ့မွှေးပြီးစားကောင်းပါသည်။
အဝါရောင်သကြားပြောင်း ချိုချိုလေးများတွင် ခန္ဓာကိုယ်အတွက် အကျိုးပြုသော ဗီတာမင်ဓါတ်များစွာပါဝင်ပါသည်။ ပြောင်းဖူးစားသုံးခြင်းဖြင့် သွေးတွင်းကိုလက်စထရောကို ကျဆင်းစေခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊ ဆီချိုရောဂါကို ကာကွယ်ပေးနိုင်ခြင်း၊ နှလုံးအား ကျန်းမာစေခြင်းစသည့် ကျန်းမာရေးကောင်းကျိုးများကိုရရှိစေနိုင်ခြင်းကြောင့် ပြောင်းဖူးကို စားသုံးပေးသင့်ပါသည်။
ဖြူးမြို့စည်ပင်သာယာဈေးကြီးတွင် ပြောင်းဖူးအသေး၊ အကြီးအလိုက် တစ်ဖူးလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်ဖြင့် ရောင်းချနေပါသည်။ ယခင်နှစ်များတွင် ပြောင်းဖူးမှာ တစ်ဖူးလျှင် ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ခန့်သာ ဈေးနှုန်းရှိသော်လည်း ယခုနှစ်တွင် ပြောင်းဖူးများ ဈေးကောင်းလျက်ရှိကြောင်း ဖြူးမြို့စည်ပင် သာယာဈေးကြီးတွင် ပြောင်းဖူးပြုတ်ရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)