ပြည်ခရိုင်အတွင်းရောင်းချနေသောဒေသထုတ်ကုန်များ

Powered by Drupal

           ပြည်ခရိုင်တွင် မြို့နယ်(၄)မြို့နယ်ရှိပြီး ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ်တို့ဖြစ်ပါသည်။ ထိုမြို့နယ်များထဲတွင် ပြည်မြို့နယ်သည် စီးပွားရေး၊ လူမှုရေးအရ အချက်အခြာကျသော မြို့နယ်တစ်ခုဖြစ်ပြီး ရထားလမ်း၊ ကားလမ်းဆုံရာမြို့ဖြစ်ပါသည်။ သီးနှံများ ရောင်းဝယ်ဖောက်ကားရာတွင် အဆင်ပြေစေရန် ပြည်ကုန်စည်ဒိုင်ကိုလည်း ဖွင့်လှစ်ရောင်းချ လျှက်ရှိသလို ဈေးများအနေဖြင့် ပြည်မြို့မစည်ပင်သာယာဈေးကြီး အပြင် ဈေးများ (၈)ဈေးဖြင့် ရောင်းဝယ်ဖောက်ကားလျှက်ရှိကြပါသည်။ ထိုအပြင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဒေသထုတ်ကုန်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းဝယ်ယူရရှိနိုင်ရန်အတွက် ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့ရှိ ဗိုလ်ခံအဆောက်အဦတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ယခုအချိန်တွင် တစ်နှစ်ပြည့်ရန် ရက်အနည်းငယ်သာ လိုတော့ပါသည်။ ထိုသို့ MSMEs ထုတ်ကုန်များကို စတင်ရောင်းချချိန်တွင် ပစ္စည်းအမျိုးအမည်ပေါင်း (၁၆၁)ခု ရောင်းချနိုင်ခဲ့ပြီး ယခုသက်တမ်း (၁)နှစ်ပြည့်ကာနီးကာလအပိုင်းအခြားတွင် ကုန်ပစ္စည်းအမျိုးအမည်ပေါင်း(၂၂၂)မျိုးတို့ဖြင့် ရောင်းချလျှက်ရှိ၍ ဒေသထုတ်ကုန်များ ရောင်းချမှု တိုးတက် လာကြောင်း သိရပါသည်။

            ပြည်ခရိုင်အတွင်းစိုက်ပျိုးထုတ်လုပ် ရောင်းချလျက်ရှိသော ဒေသထုတ်ကုန်များမှာ ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ နှင့် ရာသီပေါ် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံ များဖြစ်ကြပါသည်။ ထိုသီးနှံများကို မြို့နယ်များတွင် စိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးမှုပိုလျှံမှသာ အခြားတိုင်းများနှင့် မြို့များသို့ တင်ပို့ရောင်းချကြပါသည်။ ပဲမျိုးစုံမှာ ဒေသအတွင်း စားသုံးမှုအပြင် ရန်ကုန်ဝယ်လက်များနှင့် မန္တလေးဝယ်လက်များမှ ဝယ်ယူမှုရှိပြီး ဆီထွက်သီးနှံမှာ ဒေသတွင်းရှိဆီစက်လုပ်ငန်းရှင်များမှ ဆီကြိတ်ရန်ဝယ်ယူမှုရှိပြီး ပိုလျှံပါက နယ်ဝယ်လက်များမှဝယ်ယူမှုရှိ၍ ပြည်မြို့တွင် ဒေသတွင်း စိုက်ပျိုးထုတ်လုပ်သောထုတ်ကုန်များမှာ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

            ထိုအပြင် ပြည်မြို့အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းရှင်များမှ မိမိတို့၏ထုတ်ကုန်များဖြစ်သော ထမင်းသုတ်လုပ်ငန်းများ၊ ခေါက်ဆွဲလုပ်ငန်းများ၊ မုန့်ဟင်းခါး ဖတ်လုပ်ငန်းများ၊ ယိုမျိုးစုံလုပ်ငန်းများ၊ မြေပဲယို၊ နှမ်းယိုလုပ်ငန်းများ၊ ချင်းရှောက် လုပ်ငန်း များအပြင် လူသုံးကုန်ပစ္စည်းများကိုလည်းထုတ်လုပ်ရောင်းချကြပါသည်။ ထိုသို့ဒေသ ထုတ်ကုန် များကို လုပ်ငန်းရှင်များကထုတ်လုပ်၍ အနယ်နယ်အရပ်ရပ်သို့တင်ပို့ရောင်းချသဖြင့် ဝင်ငွေများစွာ ရရှိ၍ MSMEsလုပ်ငန်းများလည်းဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ထိုသို့လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရမှလည်း အကူအညီအထောက်အပံ့များပေးပြီး အရောင်း စင်တာများကိုဖွင့်လှစ်၍ရောင်းချစေခြင်းဖြင့် မိမိတို့၏ ဒေသထုတ်ကုန်များကို တိုင်းတွင်းသာမကဘဲ တနိုင်ငံလုံးသိပြီး ရောင်းအားများလည်း တိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့၏ ဒေသထုတ်ကုန်များအား တန်ဖိုးမြှင်တင်၍ တိုးတက်ထုတ်လုပ်လာနိုင်ပါက ပြည်တွင်းသာမကဘဲ ပြည်ပသို့သာ ဈေးကွက်ထိုးဖောက်ဝင်ရောက်လာနိုင်ပါက နိုင်ငံတော်အတွက်လည်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာနိုင်သလို ထုတ်လုပ်သူလုပ်ငန်းရှင်များအနေဖြင့်လည်း အကျိုးအမြတ်များစွာရရှိနိုင်မည်ဟုသိရှိရပါသည်။

DOCA(ပဲခူး)