မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကုက္ကိုလှ၊ ကျွန်းညိုကြီး၊ မြင်းကျွန်း၊ ကျွန်းညို၊ သံပုရာပင်ကုန်း၊ မှိုက်ပင်ကုန်း၊ တင်းဂါတ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိက ထားလုပ်ကိုင်ကြပြီး ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် နှစ်စဉ် ဆေးရွက်ကြီး၊ အစေ့ထုတ်ပြောင်း(CP)၊ ငရုတ်၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံမျိုးစုံကို ရာသီအလိုက်ဒေသစီးပွားဖြစ် စိုက်ပျိုးကြပြီး ငရုတ်သီးနှံနှင့် ဆေးရွက်ကြီးကို စိုက်ဧကအများဆုံး စိုက်ပျိုးကြောင်း သိရှိရသည်။ ဗမာ ဆေးရွက်ကြီးမျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ ယခင်နှစ်စိုက်ဧက(၃၅၀)ခန့် စိုက်ပျိုးပြီး သီးနှံရောင်းချ ချိန်တွင် ပြည်တွင်းဝယ်လိုအား ဈေးကွက်ကောင်း၍ ဈေးနှုန်းမြင့်တက်မှုကြောင့် ယခုနှစ်တွင် ဆေးရွက် ကြီးစိုက်ဧက(၄၀၀)ခန့်အထိ တောင်သူများ တိုးချဲ့စိုက်ပျိုးမှုများလာကြောင်း သိရှိရသည်။
စိုက်ပျိုးမှုအနေဖြင့် ဗမာဆေးရွက်ကြီးကို သဲနုန်းမြေအမျိုးအစားတွင် စိုက်ပျိုးကြသည်။ မြေအောက်ရေအပြင် ရေလိုအပ်ပါက ရေသွင်းစိုက်ပျိုးကြောင်း၊ ဒေသခံတောင်သူများမှ မိမိစိုက်ခင်း ထွက် ဆေးရွက်ကြီးထွက် မျိုးစေ့ကို ကိုယ်တိုင်ပျိုးထောင်၍ စိုက်ပျိုးခြင်းနှင့် ပျိုးပင်ဝယ်ယူစိုက်ပျိုးခြင်း (၂)မျိုးဖြင့် စိုက်ပျိုးကြောင်း၊ မျိုးစေ့တစ်ပြည်လျှင် ကျပ်(၂၀၀၀၀)ခန့် ပေါက်ဈေးရှိပြီး ပျိုးပင်တစ်ပင် (၂၀)ကျပ် ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ မျိုးစေ့မှပျိုးထောင်လုပ်ငန်းကို တော်သလင်းလတွင် ပျိုးထောင်ပြီး (၄၅)ရက်ကြာလျှင် ပျိုးခင်းသို့ ပျိုးပင်များ ပြောင်းရွှေ့စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် ပျိုးပင်(၇၀၀၀)ခန့် ဝင်ဆံ့ပြီး (၂)ပေအကွာစိုက်ပျိုးကြောင်း၊ သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးပြီး တပေါင်းလတွင် ဆေးရွက်ကြီးများ ခူးကြကြောင်း၊ ယခုအချိန်တွင် စိုက်ပင်သက်တမ်းမှာ တစ်လခွဲခန့်ရှိ ပြီး ဆေးရွက်ကြီးများ ဝေဝေဆာဆာထွက်ရှိကြောင်း၊ ပင်စည်မှ ထွက်သောအတက်သေးများကို ဖဲ့ပေးခြင်းဖြင့် ဆေးရွက်ကြီးရွက်များ ကြီးထွားရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဆေးရွက်ကြီးစိုက်ပျိုးမှုတစ်ဧကလျှင် ရာသီဥတုအနေအထား၊ သွင်းအားစုသုံးစွဲမှု တောင်သူ တစ်ဦးချင်းမတူညီ၍ ဆေးရွက်ကြီး ထွက်ရှိမှုမှာလည်း မတူညီကြောင်း၊ ၂၀၂၂ ခုနှစ်တွင် တစ်ဧက ပျမ်းမျှ ပိဿာ(၁၀၀၀-၁၅၀၀)ထွက်ရှိကြောင်း၊ တစ်ပိဿာလျှင်ငွေကျပ်(၁၀၀၀)မှ(၂၀၀၀)ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ပိဿာ(၁၃၀၀)ထွက်ရှိပြီး ဆေးရွက်ကြီးအရည်အသွေး လိုက်၍ တစ်ပိဿာလျှင်(၂၅၀၀ - ၃၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဆေးရွက်ကြီး ပိဿာ တောင်သူတစ်ဦးလျှင် ပျမ်းမျှ (၁၁၀၀)ခန့် ထွက်ရှိပြီး တစ်ပိဿာလျှင် ကျပ်(၉၀၀၀ - ၁၀၀၀၀) ဈေးဖြင့် ရောင်းချရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်မှာ (၃၀)သိန်းခန့် ကုန်ကျကြောင်း၊ အကျိုးအမြတ်အနေဖြင့် တောင်သူတစ်ဦး ကျပ် သိန်း(၆၀)ဝန်းကျင်ခန့်ထိ အကျိုးအမြတ်များစွာရရှိခဲ့ကြောင်း၊ ယခင် နှစ် ဆေးရွက်ကြီးစိုက်ပျိုးမှုအနေဖြင့် ဒေသတွင်းနယ်မြေအခြေအနေအရ ပြည်တွင်းဆေးရွက်ကြီး စိုက်ပျိုးထွက်ရှိမှုနည်းပြီး ဝယ်လိုအားကောင်းမွန်ခြင်းကြောင့် ဆေးရွက်ကြီးဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။ ယခုနှစ်တွင် အလုပ်သမားငှားရမ်းခ၊ သွင်းအားစုအမျိုးမျိုးနှင့် စက်သုံးဆီဝယ်ယူခဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် ငွေကျပ်(၃၅)သိန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ ဒေသတွင်းသီးနှံရောင်း ချချိန်တွင် ယခင်နှစ်ကဲ့သို့ ဈေးအမြင့်ဖြင့် ရောင်းချရပါက တောင်သူအကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း ကျွန်းညိုကြီးကျေးရွာရှိ ဆေးရွက်ကြီးစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
ဆေးရွက်ကြီးသည် မြန်မာလူမျိုးများအနေဖြင့် နေ့စဉ်သုံးစွဲမှုနည်းပါးသော်လည်း လူတိုင်းအတွက် အသုံးဝင်သော ကျန်းမာရေးဆေးဖက်ဝင်တစ်မျိုးဖြစ်၍ ပခုက္ကူဒေသရှိ စိုက်တောင်သူများသည် နှစ်စဉ်မပြတ် မိသားစုစီးပွားရေးအဖြစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခဲ့ရာ ဈေးကွက်အနေဖြင့် ဒေသတွင်း ထွက်ရှိသော ဆေးရွက်ကြီးများကို မြို့ပေါ်ရှိ ဆေးလိပ်ခုံလုပ်ငန်းရှင်များ၊ ကွမ်းယာဆိုင်များ၊ မြန်မာ့တိုင်းရင်းဆေးဖော်စပ်ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းရှင်များအပြင် မြန်မာနိုင်ငံအောက်ပိုင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး၊ ဟင်္သတမြို့ ဝယ်လက်များမှလည်း ကျေးရွာများထိဆင်း၍ နှစ်စဉ်ဝယ်ယူလျက် ရှိပြီး ရောင်းလိုအား ဝယ်လိုအားကောင်း၍ ဈေးကွက်ခိုင်မာမှုရှိခြင်းကြောင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ နှစ်စဉ်မပြတ်ဒေသစီးပွားဖြစ် စိုက်ပျိုးကြောင်း သိရှိရသည်။
DOCA(မကွေး)