![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7_37.jpg?itok=gMAISlXF)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် ကြံစိုက်ဧက စုစုပေါင်း (၂၈၆၅၅) ဧက စိုက်ပျိုးထားရှိပြီး ခင်းသစ်စိုက်ဧကမှာ (၁၈၇၉၉)ဧက ၊ လမိုင်းစိုက်ဧကမှာ (၉၈၅၆) ဧက စိုက်ပျိုးထားရှိကြောင်းသိရပါသည်။ ပြည်ခရိုင်အနေဖြင့် မြို့နယ်(၄)မြို့နယ်ရှိသည့် အနက်ကြံ ကို ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင်သာ အများအပြားစိုက်ပျိုးကြပါသည်။
(၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်ဖြစ်သော ဒီဇင်ဘာလ ပထမပတ်မှစ၍ ကြံသီးနှံများ စတင် ထွက်ပေါ်လာ နေပြီဖြစ်ပါသည်။ ထွက်ပေါ်လာသောကြံများကို ပြည်မြို့ရှိနဝဒေးသကြားစက်နှင့် အင်ငါးခွသကြားစက် သို့တင်သွင်းရောင်းချကြပါသည်။ ကြံတစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ် အနေဖြင့် (၂၂၇၅၀၀)ကျပ် ခန့် ကုန်ကျပြီး ကြံတစ်ဧကခန့်မှန်းအထွက်နှုန်းမှာ စိုက်ခင်း အသစ် တွင်(၂၅-၃၀)တန်၊ လမိုင်းတွင် (၁၄-၂၀)တန်ခန့်ထွက်ရှိနိုင်သည်ဟု တောင်သူထံမှ သိရှိရပါသည်။ ခင်းသစ်တွင်ရေရရှိသော နေရာများ၌ တစ်ဧကလျှင် (၅၀-၆၀)တန်ခန့် ထွက်ရှိသည်ဟု စိုက်ပျိုး သူတောင်သူများ ထံမှ သိရှိရပါသည်။ သကြား စက်သို့ ရောင်းချသောဈေးနှုန်းအနေဖြင့် ကြံတစ်တန် လျှင် စက်အရောက်ဈေး (၁၈၀၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်းသိရပါသည်။ ယခင်နှစ်တွင် ကြံတစ်တန်ဈေးနှုန်းမှာ (၁၂၅၀၀၀)ကျပ် ဈေးမဖြင့်ရောင်း ချခဲ့သဖြင့် ယခုနှစ်တွင်ကြံတစ်တန်လျှင် (၅၅၀၀၀)ကျပ်ခန့် ဈေးများမြင့်တက်လာခဲ့ပါသည်။ ယခုနှစ် တွင်ကြံဈေးလည်းကောင်းလာသဖြင့် ကြံစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် (၂၅)တန် အထွက် နှုန်းဖြင့် ခန့်မှန်း ထွက်ရှိမည် ဆိုပါက တစ်ဧကဝင်ငွေမှာ (၄၅)သိန်းခန့်ရရှိပြီး အသားတင်အကျိုးအမြတ် အနေဖြင့်(၂၂)သိန်းကျပ် ခန့်မှန်းရရှိနိုင်မည်ဟု တောင်သူတစ်ဦးထံမှသိရှိရပါသည်။
ပြည်ခရိုင်အနေဖြင့်သကြားစက် (၂)စက်ရှိရာ ပြည်မြို့နယ်တွင်နဝဒေးသကြားစက်၊ ပေါက်ခေါင်းမြို့နယ်တွင် အင်ငါးခွ၊ သကြားစက်တို့ဖြစ်ပါသည်။ ထိုစက်(၂)စက်မှာ နှစ်စဉ်ကြံရာသီ ချိန် မှသာစတင်လည်ပတ်လျက်ရှိရာယခုနှစ်တွင် (၁၀.၁၂.၂၄)ရက်နေ့မှစ၍ သကြားစက်များကို စတင်ဖွင့်လှစ် ကြိတ်ခွဲလျက်ရှိပါသည်။ ယခုနှစ်တွင် နဝဒေးသကြားစက်အနေဖြင့် ကြိတ်ခွဲထုတ်လုပ် ရန်လျာထားတန်ချိန်မှာ တန်(၂၃၀၀၀၀)ခန့်ဖြစ်ပြီး စက်လည်ပတ်ရန်ကြာသည့်ကာလမှာ (၃)လ သတ်မှတ်ထားပါသည်။ ၎င်းသကြားစက်မှ ကြံများကိုလက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူလျက်ရှိ ပါသည်။ အင်ငါးခွသကြားစက် အနေဖြင့် ယခုနှစ်တွင် ကြံကြိတ်ခွဲလျာထားချက်မှာ တန်ချိန် (၁၃၀၀၀၀)ခန့်ရှိပြီး စက်လည်ပတ်ရန်ကြာ သည့်အချိန်ကာလမှာ ရက်(၁၀၀)သတ်မှတ်ထားကြောင်း သိရပါသည်။ ထိုစက်မှာ ပစ္စည်းရောက်ငွေချေ စနစ်ဖြင့်ဝယ်ယူကြောင်းသိရပါသည်။
ကြံရာသီဖြစ်၍ ကြံစိုက်တောင်သူများအနေဖြင့် ကြံများကိုခုတ်၍ သကြားစက်သို့ ပို့ဆောင် ရောင်း ချကြပါသည်။ ကြံဈေးမှာလည်းမြင့်လာသဖြင့် ယခုနှစ်တွင် ကြံစိုက်တောင်သူများ အဖို့အမြတ် အစွန်းများပြီး တွက်ချေကိုက်သည့်နှစ်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA (ပဲခူး)